Monday, March 7, 2011

ချစ်စရာ Insect Killer လေးများ

ခေါင်းစဉ် တွေ့လိုက်တာနဲ့ NTUC က အစိမ်းရောင် ဗူးရှည်ကြီးတွေ မြင်မိကြမှာပဲ .. ။ ရန်ကုန်အိမ်က ကြောင်လေးတွေ အကြောင်း ရေးမလို့ပါ။ တခြားအိမ်က ကြောင်မကြီးတစ်ကောင် အိမ်မှာ မကြာခဏ လာစားနေရင်းနဲ့ ကြောင်သားပေါက်လေးတွေ များလာတော့တာပါပဲ။

ဒီတခေါက် အိမ်ပြန်သွားတဲ့ အချိန်မှာ အတော် ကြီးနေကြပြီ။ သူတို့ ကျေးဇူးနဲ့ ကြွက်၊ ပိုးဟပ်၊ အိမ်မြှောင် မရှိ။ ယင်ကောင်ကိုတောင် ရအောင် လိုက်ဖမ်းနေကြသေးတယ်။ အလွန် အစွမ်းထက်တဲ့ Insect Killer လေးတွေပေါ့။ အဲ ... အစား အစာတွေကိုတော့ သေခြာ လုံအောင် ဖုံးထားဘို့ လိုတယ်။ ငါးကြော်လိုမျိုးတော့ နဲနဲလေး လစ်တာနဲ့ ပါသွားပြီပဲ။


သူ့နာမည်က ရွှေဝါ ... နေ့လည်ခင်းဆို ခြံထဲက အုတ်ရေကန်ဘေးမှာ အိပ်တတ်တယ်။ အငယ်ဆုံး၊ အကဲဆုံး ...ဆော့လိုက်တာမှ လက်လက်ထလို့။ ဆော့စရာ ကုန်သွားရင် ခြံထဲက ကိုက်ချီလာတဲ့ သစ်ရွက်ခြောက် တစ်ရွက်နဲ့ အိမ်ထဲမှာ လှိမ့်နေတတ်တယ်။

ဒါက ကျားပေါက် ... ဒီကောင်လေးကလည်း ကြောင်ဖြစ်နေလို့သာပေါ့။ လူသာဆိုရင် ရဲစခန်း ခဏခဏ ရောက်နေမှာ။ ရုပ်ကလေး ချောရက်နဲ့ ၊ စွာလိုက်တာမှ ကက်ကက်လန်လို့။

အစာကျွေးချိန်၊ ကြောင်တွေ အားလုံး ဆုံပြီဆို သူ့လုပ်ငန်း စပြီ။ ကြောင်တရပ်လောက် အမြင့်ပေါ်ကိုတက်။ လက်လှမ်းမီသမျှ ကြောင်ကြီးတွေကို ခေါင်းပုတ်၊ ပါးရိုက် လုပ်တော့တာပဲ။ သည်းမခံနှိုင်တဲ့ အကိုတွေနဲ့ ရန်ဖြစ်ကုန်ကြရော။

အ၀တ်လျှော်စက်ပေါ်မှာ ပုဆိုးတစ်ထည် ခင်းပေးထားရတယ်။ သူ့ရဲ့ 5 Stars ဟိုတယ် အိပ်ခန်းလေ။ အိမ်ပြန်ရောက်ခါစ အကြောင်း မသိလို့ အဲဒီ အပေါ်မှာ ပလပ်စတစ် ပုံးအလွတ်တွေ တင်မိပါတယ်။ ချက်ခြင်းရောက်လာပြီး ခြေထောက်နဲ့ ကန်ချပစ်တာ။

အိပ်မောကျနေတဲ့ကောင် … မွေးချင်း ၅ကောင်မှာ သူတစ်ကောင်ပဲ အဖတ်တင် ကျန်ခဲ့လို့ သူ့နာမည် “ထီးကျန်” ပါတဲ့ … ချစ်စနိုးနဲ့ “မောင်ထီး၊ ဗိုလ်ထီး “ အမည်တွင်နေတာပေါ့။ စိုင်းထီးဆိုင် ချစ်ပရိတ်သတ်များ ခွင့်လွှတ်ကြပါကုန်။

ထီးကျန် ဆိုပေမဲ့ ရဲရင့်တဲ့ နေရာမှာ နှစ်ကောင် မရှိ။ အင်းဆက် အသေးစားလေးတွေ မဆိုထားတဲ့ အိမ်ထဲ လမ်းမှားဝင်လာတဲ့ လင်းနို့ကိုတောင်လေ … လူတွေ ဝိုင်းတားနေတဲ့ကြားက မိအောင် ဖမ်းနှိုင်သေးတယ်။

သို့ပေမဲ့ သူကလည်း အချွှဲသား … ဖေဖေ့ရင်ဘတ်ပေါ်အထိ တက် … လက်နှစ်ဖက်ကို မေးစေ့ထိအောင် ဆန့်ထုတ် … အသံတိုးတိုးလေး … “အယ့် အယ့် အယ့်” နဲ့ စကား လာပြောနေတတ်တယ်။

ဒါက ကျားလေး … အားလုံးထဲမှာ အလည်ဆုံး။ မေ့မေ့ အချစ်တော် ဆိုတော့ လိုင်စင်ရ လူမိုက် … အဲ … ကြောင်မိုက်ပေါ့။ ချွှဲတတ်လိုက်တာလည်း အလွန် ။ “ညောင်” လို့တောင် ပီအောင် မအော်နှိုင်ဘူး …

တညလုံး ထွက်လည်။ မနက်ပြန်ရောက်တာနဲ့ အော်ပြီး တအိမ်လုံး အနှံ့ လမ်းလျှောက်နေတော့တာပဲ .. “ကျွှန်တော် ပြန်ရောက်ပြီဗျို့  … Breakfast ကျွှေးပါတော့ “ … လို့များ ပြောနေသလား မသိဘူး။

သူ့ထက် အကြီး တစ်ကောင်ကတော့ အိမ်ထောင်ကျပြီး မယား ကြောက်၇တယ် ထင်ပါ့။ ယောက္ခမအိမ် လိုက်နေရရှာတယ်။ ကြောင် အမေကြီးနဲ့ နောက်ကြောင် အပျိုမလေး တစ်ကောင်ကတော့ အေးအေး ဆေးဆေး နေကြသူတွေလေ။ ပြသနာ မရှာတတ်ကြဘူး။

ဒီတခါ အိမ်လွမ်းရတဲ့ စာရင်းထဲမှာ သူတို့လဲပါတယ်။ “အမှောင်ထုထဲက အလင်းစက်များ ဘလော့ “ ကို သွားသွားပြီး အလွမ်းပြေ ကြောင်လေးတွေပုံ ကြည့်နေ၇တယ်။


ကြောင်တွေကို ဓါတ်ပုံ ရိုက်ရတာလည်း တယ်မလွယ်ဘူး။ ကင်မရာ ချိန်လိုက်တာနဲ့ မျက်နှာ လွှဲပစ်ကြရော … ရိုက်ထားသမျှထဲက အကောင်းဆုံးတွေ ရွေးတင်ထား၇တာလေ။ ကြောင် မချစ်တတ်တဲ့သူ … ခုတော့ ကြောင်လွမ်းနေရပြီ။

မချို (ပန်းခရမ်းပြာ)

Photo: ပန်းခရမ်းပြာ

5 comments:

  1. ညောင်ညောင်ကောင်လေးတွေ ချစ်စရာ...
    အမလဲ သူတို့လေးတွေကို သိပ်ချစ်တယ်...
    ခုတော့ လမ်းမှာ သွားရင်း လာရင်း တွေ့သမျှ ညောင်ညောင်ကောင်လေးတွေကိုပဲ လိုက်ကြည့်ပြီး ချစ်နေရတယ်...
    ဓါတ်ပုံကတော့ ဘယ်လိုမှ ရိုက်လို့ မရဘူး..
    ကိုယ်က ချိန်လိုက် ထွက်ပြေးလိုက်ပဲ... ဟီဟိ...

    ReplyDelete
  2. ချစ်စရာ ကျနော်လည်းကြောင်ချစ်တယ်

    ReplyDelete
  3. မသက်ဝေရဲ့ ကြောင်လေး အကြောင်းလည်း ဖတ်လိုက်ရတယ်။
    ညောင်ညောင် ဆီပြန် စားချင်တဲ့ သူတွေလည်း ရှိသေးတယ်နော်။
    နှစ်ကျပ်ခွဲကြီးနဲ့ ချိန်မှတော့ ပြေးကြတာပေါ့ ...

    ညီမလေး ဗစ် ... ကြောင်လေးတွေ မွေးထားတာ ရှိရင် ရေးပါဦး။
    ခွေးလေးတွေ အကြောင်း အခန်းဆက် ကတော့ ဖတ်ရင်းနဲ့ကို မျက်ရည်လည်လာတာ။

    ReplyDelete
  4. ညဝေါင်..း) ကြောင်နဲ့ကစားရတာ ကြိုက်တယ်..

    ReplyDelete
  5. ကစားတာ လွန်သွားတဲ့ အခါ အကုတ် ခံရသေးတယ် မီရေ ... အစ်မ လက်မှာဆို ဒဏ်ရာတွေနဲ့ ..

    ReplyDelete