Friday, March 25, 2011

နေပြည်တော်သို့ ဘတ်ဂျက် ခရီးစဉ် (၃)

စည်ပင် ရိပ်သာကို ပြန်ရောက်တော့ ရန်ကုန် ပြန်ဘို့ ပြင်ဆင်ရပြီ။ တည်းတဲ့ အခန်းနဲ့ အနီးဆုံး ထင်းရူးရိပ် စားသောက်ဆိုင်မှာ မေးကြည့်တော့ သူတို့ဆိုင်မှာ ကားလက်မှတ်ဝယ်လို့ ရပါသတဲ့။ ညဆယ်နာရီ ထွက်မဲ့ကား။ ရန်ကုန်ဈေးနဲ့ အတူတူ ခြောက်ထောင်ကျပ်ပါ။


စည်ပင် ရိပ်သာဝင်းထဲမှာ စားသောက်ဆိုင်တန်းလေးတွေ အစီအရီ။ အနီးဆုံး ထင်းရူးရိပ်မှာပဲ စားဖြစ်တာ များတယ်။ ထမင်းပေါင်း တစ်ထောင့် ခုနှစ်ရာကျပ်၊ မုန့်ဟင်းခါး သုံးရာ ....။ ဆိုင်တစ်ဆိုင်ကတော့ ဈေးနှုန်းတွေကို ပိုစတာကြီးနဲ့ ပြထားတာ။

ကားစီးဘို့ အတွက် ဂိတ်အစကို သွားစရာမလိုဘူး။ စည်ပင်ရိပ်သာ ၀င်းထိပ်မှာ စောင့်နေ လိုက်ရုံပဲ။ ကိုယ့်လို သွားမဲ့သူတွေမှ အများကြီးရယ်။ ကားတစီးပြိး တစီးဆိုက် ... အုပ်စုလိုက် တက်သွား လိုက်ကြနဲ့ပေါ့။

ကားပေါ်ရောက်တာနဲ့ ကားဆရာက လူနဲ့ မှတ်ပုံတင် တွဲစစ်တယ်။ လည်ပင်းမှာ ဆွဲဘို့ ID ကဒ်လို ဟာမျိုး လည်းပေးတယ်။ ကဒ်မှာ ရေးထားတာကတော့ ဒီလူကို စစ်ဆေးပြီးကြောင်းပါတဲ့။

နေပြည်တော် အထွက် စစ်ဆေးရေးဂိတ်မှာ ကားခဏရပ်တယ်။ ကဒ်ပြားလေးတွေ ဆွဲထားဘို့ ကားဆရာက သတိပေးတယ်။ ကားအောက် ဆင်းစရာ မလိုဘူး။ တယ်ဟုတ်ပါလား ရန်ကုန်ရောက်တဲ့ အထိ အိပ်ရတော့မယ်ပေါ့။

ညမှောင်မှောင်မှာ နိုးတ၀က် အိပ် တ၀က်နဲ့ပဲ ရန်ကုန် အ၀င်သို့ ရောက်ပါပြီ။ ကားရပ်သွားတယ်။ ရှေ့ မှာ လူတွေ ကားတွေ တန်းစီလို့ပါလား။ အသွားတုန်းက နေပြည်တော် အ၀င်မှာ တန်းစီရတာ ဘာ ဟုတ်သေးလို့တုန်း။ အခုတော့ စည်ကားနေလိုက်တာ ပွဲတော်ကြီး တမျှပါပဲ။

ဒီတခါ တန်းစီရတာ နှစ်ကြိမ်။ လက်ကိုင်အိတ် စလင်းဘက်တွေ ဖွင့်စစ်တဲ့ နေရာမှာ အရင် တန်းစီ။ ပြီးတော့မှ မှတ်ပုံတင် စစ်တဲ့နေရာမှာ ထပ်တန်းစီ။ “အိတ်တွေ ဇစ်ဖွင့်ထား .... အိတ်တွေ ဇစ်ဖွင့်ထား” .... လို့ အော်ငေါက်သံတွေ ကြားမှာပဲ ကြည်ဖြူစွာ အစစ်အဆေး ခံခဲ့ရပါသည်။

ရာနှင့်ချီ တန်းစီနေတဲ့ လူတွေမှာ စစ်ဆေးသူ အရာရှိက နှစ်ယောက်။ မှတ်ပုံတင်ကို လက်နဲ့ ကိုင်ကြည့် ... မျက်နှာကိုကြည့် ... ပြီး နောက်တယောက် အလှည့် ...။ မျက်စေ့နဲ့ Scan ဖတ်တဲ့ အတတ်ပညာများ ဆည်းပူးလေ့လာ ထားကြလေရော့သလား။ မှတ်ပုံတင်က ဓါတ်ပုံကတော့ ဆယ်ကျော်သက် အရွယ်က ပုံ ...။

ရန်ကုန်မြို့ထဲ ၀င်လာတော့ လွတ်ပြီ ကျွတ်ပြီပေါ့။ အောင်မင်္ဂလာ အဝေးပြေးဂိတ်ကို ရောက်တော့ တခြား တနေရာမှာ သွားရပ်ပြန်ရော။ ကားကိုလည်းစစ်၊ မှတ်ပုံတင်ကိုလည်း စစ်ဦးမယ်တဲ့လေ ... ။ အတော်ကြာ ဘယ်လို ညှိလိုက်လည်း မသိ။ ကားကိုပဲစစ်ပြီး လူတွေ ဆင်းစရာ မလိုတော့ဘူး။

ကိုယ့်မိဘအိမ် ၀င်ဘို့တော့ မှတ်ပုံတင် ထုတ်ပြစရာ မလိုဘူး။ နှစ်ညတာ ဝေးနေရတဲ့ အိပ်ယာလေးကို ဖိုက်စတား ဟိုတယ်နဲ့ မလဲနှိုင်ပေါင်။ အိပ်ပျက်သမျှ အတိုးချ အိပ်လိုက်တယ်။ အကာလ ဆောင်းတွင်းညကြီးမှာ စီတန်းနေတဲ့ လူတွေကို ပြန် မြင်ယောင်ရင်း .... သင့်လုံခြုံရေးကို တာဝန်ယူတဲ့ အတွက် အထူး ကျေးဇူးပါ။



(အလားတူ အဖြစ်မျိုးကို “ဒီမှာ” လည်း ဖတ်နှိုင်ပါတယ်။)



မချို (ပန်းခရမ်းပြာ)
Photo : ပန်းခရမ်းပြာ

4 comments:

  1. အယ် မချိုပြောမှာဘဲ ရန်ကုန်ပြန်ရောက်ရင် မှတ်ပုံတင်ပြန်ရှာထားဦးမှ .. ဘယ်ရောက်နေမှန်းတောင်မသိဘူး.. ခရီးသွားဦးမှာဆိုတော့ လိုမှာလေ.

    ReplyDelete
  2. စစ်ဆေးရေးတွေက တယ်များသကိုး... အင်းပေါ့လေ... သူတို့က ကိုယ်တွေရဲ့ လုံခြုံရေးကို တာဝန်ယူပေးနေကြသူတွေကိုး... သဘောတူ ကြည်ဖြူရပေမပေါ့...

    ဒါနဲ့ စကားအတင်းစပ်ပြီး ပြောရရင်...
    မချို... အချစ် ချိုချိုအကြောင်း ပြောအုံးလေ...း))

    ReplyDelete
  3. ဟိ.ရယ်ရတယ်။
    ပြန်ဖတ်ရဦးမယ်။ တို့လဲသွားလည်ဦးမယ် နစ်ညတော့အချိန်ပေးရမှာ.
    ဈေးနှူန်းတွေမှတ်သွား. လမ်းခရီးစဉ်းကိုမှတ်သွားရမယ်။
    မချိုကိုစစ်ပြီးတဲ့ကဒ်ပြားလေး တို့ကိုပေးလိုက်ပါ တို့လည်ပင်းမှာ ဆွဲထားလိုက်မယ်။ ဒါပေမဲ့လဲလေ အဲသလောက်ကြီးကားစိးရမှ ပင်ပန်းတာခံနုင်ပါ့မလား ရထားနဲ့ တော့ပဲခူးအထိစီးဘူးတယ် ကောင်းတယ် အထက်တန်းတွဲ နေပြည်တော်အထိ တစ်ထောင်ကျပ်လားန စ်ထထောင်ကျပ်လားမသိဘူး. ဇိမ်ကျတယ်။

    ReplyDelete
  4. မြူးမြူးရေ ...ခရီးသွားရင်တော့ မှတ်ပုံတင်က အသက်ပဲ .... လူတယောက်လုံး မြင်နေမှ မှတ်ပုံတင် လိုသေးလားတော် လို့တောင် အော်လိုက်ချင်တယ်။

    ရက်စက်ပါ့ မသက်ဝေရယ် ... တဂ်ထားတာ မေ့နေလောက်ပြီထင်တာ ... အိမ်တိုင်ရာရောက် သတိ လာပေးတာကိုး ... ရေးဘို့ မုဒ်ဝင်အောင် ကြိုးစားပါရစေဦး ... နေပြည်တော် အကြောင်းတော့ ပြီးသွားပြီ။

    မမKOM ... ဈေးနှုန် ပိုစတာကြီး ဓါတ်ပုံရိုက်လာရကြိုး နပ်သွားတာပေါ့ ... ကျေးဇူး မမ။ မှတ်ပုံတင် စစ်ပြီး ကဒ်ပြားလေးကတော့ ကားပေါ်မှာ ထားခဲ့ရတယ်။ ကားစီးရတာ သိပ်မပင်ပန်းပါဘူး မမရဲ့။ KL သွားတဲ့ ကားတွေလိုပါပဲ။ ရထားကတော့ လူ သိပ်မပင်ပန်းဘူးပေါ့.

    ReplyDelete