Saturday, March 19, 2011

နေပြည်တော်သို့ ဘတ်ဂျက် ခရီးစဉ် (၁)

အကြောင်း တိုက်ဆိုင်လို့ နေပြည်တော်ကို ရောက်ခဲ့ရသေးတယ်။ လူတွေ ခရီးသွားလိုက်ကြတာ ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးဂိတ်မှာ ရှုတ်ရှက်ခပ်နေတာပါပဲ။

ကားခက တစ်ယောက် ခြောက်ထောင်ကျပ်၊ ည ၉နာရီ ထွက်မယ်တဲ့။ မှန်လုံ အဲကွန်းကားဆိုတော့လည်း တယ် ဇိမ်ရှိသကိုး။

၁၁၅မိုင်မှာ ခဏ ရပ်ပြီးတာနဲ့ ကားပေါ်မှာ အိပ်ပျော်သွားလိုက်၊ နိုးလာရင် လမ်းဘေးက မှုန်ဝါးဝါး မှောင်မိုက်မိုက် ရှုခင်းတွေ ကြည့်လိုက်နဲ့ နေပြည်တော်နဲ့ နီးလာပြီ။

ကားရပ်ပြီး အားလုံးကို အောက်ဆင်းခိုင်းတော့ ကားပျက်သလားလို့ ထင်မိတာပေါ့။ အိုး .. နည်းတဲ့ လူတွေ မဟုတ်ဘူး။ ကားတွေလည်း စီတန်းလို့။ မှတ်ပုံတင် စစ်တာပါတဲ့။

ဆိုင်းဘုတ်ကိုလည်း မြင်ဖြစ်အောင် မြင်လိုက်သေးတယ်။ "သင့်လုံခြုံရေး အတွက် တာဝန်ယူနေသည်။ ကြည်ဖြူစွာ စစ်ဆေး ခံပါရန် " ... တဲ့။ ကြည်ဖြူပါတယ် ရှင်ရယ် ...။



နေပြည်တော် ရောက်တော့ စည်ပင်ဝင်းထဲမှာ တည်းတယ်။ တ၀င်းလုံး တိုက်တန်းလျှားလေးတွေ အများကြီး။ တစ်ခန်းကို တစ်နေ့စာ လေးထောင့် ငါးရာကျပ်။

လူသုံးယောက်စာ ကျယ်ကျယ်ဝန်းဝန်း နေလို့ရတယ်။ အခန်း အပြင် အဆင်ကြည့်ပြီး one star hotel အဆင့်လောက် ပေးသင့်တယ်လို့ မှတ်ချက် ချမိကြတယ်။

ဈေးပေါတယ် ဆိုပြီး အထင်သေးလို့ မရပေဘူး။ အဲဒီတုန်းက လွှတ်တော် ရှိနေတဲ့ အချိန်ဆိုတော့ ကိုယ်စားလှယ်တွေကို အဲဒီမှာပဲ ထားတာ။ သူတို့ရှိတော့ အစောင့် အရှောက် များပေသပေါ့။

အကြီးဆုံး ပြသနာက သယ်ယူ ပို့ဆောင်ရေး ... ဆိုင်ကယ် ကယ်ရီတွေပဲ ရှိတယ်။ မစီးရဲတော့ အခက်တွေ့ရော။ ညဘက် အပြင် ထွက်လည်ကြမယ် စီစဉ်ကြတယ်။

Taxi on call ခေါ်မယ်ဆိုလို့ ၀ိုင်းရယ်လိုက်ကြတာလေ။ မိတ်ဆွေ တစ်ယောက် ဆက်သွယ်ပေးလို့ Taxi တစ်စီး ရလာတယ်။ ကားခ နှုန်းထားက တစ်နာရီကို ကျပ် တစ်သောင်းခွဲပါတဲ့ ...။

မရောက်ဘူးတဲ့ ဒေသဖြစ်လို့ မြို့ ထဲ လှည့်ပတ် မောင်းပြီး ဘုရားပေါ် တက် ဒီလောက်ပါပဲ။ တိုးဂိုက် တဖြစ်လဲ ကားဆရာက လွှတ်တော်ကို မြင်ရတဲ့ နေရာက ဖြတ်မောင်းပြတယ်။

မီးရောင်တွေ ထိန်ထိန်ငြီးလို့ပေါ့။ မါတ်ပုံ မရိုက်ဘို့တော့ အတန်တန် သတိပေးရှာတယ်။ နေရာတကာ ကင်မရာ တပြင်ပြင်နဲ့ ဆိုတော့ သူခမျာ မျက်ခုံး လှုပ်တယ် ထင်ပါရဲ့ ။


သွားစရာ ကုန်တော့မှ ပျဉ်းမနားမြို့ ထဲမှာ ညစာ စားတယ်။ အခန်းကို ပြန်ရောက်တော့ ညသန်းကောင်။


(ဆက်ရေးပါဦးမယ်)



မချို (ပန်းခရမ်းပြာ)

Photo : ပန်းခရမ်းပြာ

11 comments:

  1. ကားက ညမှ ထွက်တာလား မချို .. သူထက်စောထွက်တဲ့ ကားရော ရှိသေးလား?၉ နာရီထွက်တာဆိုတော့ နေပြည်တော်ကို ဘယ်ချိန်လောက်ရောက်လဲ?
    မေးခွန်းတွေ များသွားဒယ်။ ညီမလည်း နေပူတော် အဲလေ နေပြည်တော် သွားမလို့ မေးကြည့်ထားတာ ။
    ဆက်ရန်လည်းမျှော်နေတယ်နော် :)

    ReplyDelete
  2. တိုလိုက်တာ ရှည်ရှည်ရေးပါ.အရေးထဲပျောက်ပျောက်သွားတတ်သေးတယ်။

    ReplyDelete
  3. စောထွက်တဲ့ကား ရှိကောင်း ရှိနှိုင်တယ် ထင်တယ် ညယံ။ အစ်မ ကိုယ်တိုင် လက်မှတ် စီစဉ်တာ မဟုတ်တော့ အတိအကျ မသိဘူး။ ရောက်တဲ့ အချိန်က မနက် နှစ်နာရီခွဲ သုံးနာရီလောက်ပါ။

    နှစ်ပိုင်းခွဲ မလို့ပါ မမရဲ့ ။ ဒါမှ ပို့စ်နှစ်ပုဒ် ရမှာ။ ပျောက်ပျောက်သွားတာကတော့ အပျင်းကြီးနေလို့ပါ. မမဆီတော့ နေတိုင်းရောက်တယ်။

    ReplyDelete
  4. စည်ပင်ဝင်းဆိုတာ စည်ပင်ကဖွင့်တဲ့ တည်းခိုခန်းလားဗျ.. လူတိုင်းတည်းလို့ရလား...
    KAung

    ReplyDelete
  5. မည်သူ မဆို တည်းလို့ ရပါတယ်။ စည်ပင်က ဖွင့်တဲ့ တည်းခိုခန်းပါ။ စည်ပင် ရိပ်သာလို့လဲ ခေါ်ပါတယ်။

    ReplyDelete
  6. ပျဉ်းမနားသူဆိုတော့ မနေနိုင်လို့ ၀င်ရေးလိုက်အုန်းမယ်.. :D ကားက ညနေ ၅နာရီလောက်မှာ တစီးထွက်ပါတယ်.. အဲဒါဆို ည ၁၁ ကျော် ၁၂ ဆို ဟိုရောက်ပီလေ။ နောက်ပြီး တက်စီ ငှားမဲ့အစား အသိရှိတယ်ဆိုရင်တော့ အိမ်စီးကားလေးတွေ ငှားစီးရင် နေ့တ၀က်လုံးမှ ၂သောင်း ၃ သောင်းပဲ ပေးရတတ်ပါတယ်။ လိုက်မောင်းပေးမဲ့လူပါ ပါပါတယ်။

    ReplyDelete
  7. ကျေးဇူးပါ ပျဉ်းမနားသူရေ ... နောက်သွားမဲ့ သူတွေ အတွက် အထောက် အကူ ဖြစ်တာပေါ့။ အသိ အကျွှမ်း မရှိတော့လည်း ခက်သား။ တက်စီခကြောင့် ဘယ်မှကို မရောက်ခဲ့ရဘူး။

    ReplyDelete
  8. ကြည်ဖြူပါတယ် ရှင်ရယ်... တဲ့...

    အားရပါးရ ပြုံးမိတယ်...း))

    ReplyDelete
  9. ဘယ်မှလဲသိတ်မရောက်ခဲ့ပါလား.။သူမှားတွေ ဇူးတွေဘာတွေ သွားကြတယ်ထင်တယ်။

    ReplyDelete
  10. အန်တီချိုခင်ဗျား အစားအသောက်အကြောင်း ဦးစားပေး ရေးစေလိုပါသည်။

    ReplyDelete
  11. စိတ်ချ momo ... ရေးချင်နေတာနဲ့ အတော်ပဲ ...
    အဲ ... ဟင်းချက်နည်းတော့ မဟုတ်ဘူး ... ချက်မစားတာ အတော်ကြာနေပြီ ...
    ဆိုင်မှာ ၀ယ်စား ... အလှူမှာ စားပေါ့ ...

    ReplyDelete