မနက် ၅ နာရီ ထိုးတာနဲ့ တရားခန်းမမှာ ယောဂီတွေ စုံနေပြီ။ တရားပြဆရာ ဘုန်းဘုန်းရဲ့ ညွှန်ကြားချက် အတိုင်း တရားစထိုင်ကြတယ်။ အိပ်ရေး မ၀ တာရယ်၊ မနက် အိပ်ယာ ထထချင်း တခုခု စားပြီးမှ လှုပ်ရှားနှိုင်တဲ့ အကျင့်ဆိုးရယ်ကြောင့် တရားထိုင်ရတဲ့ တစ်နာရီဟာ ပူလောင်လွန်းလှတယ်။ မနေ့ညကလို ဝေဒနာ ပျောက်သွားပြီး မမြဲတဲ့ တရားကို ဆင်ခြင်မိတဲ့ အသိကို ရချင်တဲ့ လောဘ ရှိနေတာကြောင့်လဲ ပူပူလောင်လောင် အတော် ခံစားရတယ်။
ဘုန်းဘုန်း တရားပြတာကို ကြိုးစား လိုက်နာပေမဲ့ တစ်နာရီ ပြည့်တဲ့ အထိ မတည်ငြိမ်သေးဘူး။ ကိုယ်တင်မဟုတ်၊ အားလုံး ဒီလိုပဲ ဖြစ်နေကြပုံ ရတယ်။ ဘုန်းဘုန်းက နောက်ထပ် ငါးမိနစ် ဆက်ထိုင်ပါ။ မိဘတွေ အတွက် ရည်ရွယ်ပါလို့ ပြောတယ်။ အဲဒီ အချိန်လေးမှာ ကိုယ် ကောင်းကောင်း ရှုမှတ်လို့ ရတယ်။ စိတ်ငြိမ်လာတယ်။ နာကျင်တဲ့ ဝေဒနာတွေ လုံးဝ ပျောက်မသွားပေမဲ့ ခံနှိုင်ရည်ရှိလာတာ အံ့သြစရာပါပဲ။
၆ နာရီမှာ အာရုံဆွမ်း စားရတယ်။ ကြက်သား ဆန်ပြုတ် တပွဲဟာ အလွန့် အလွန် တန်ဘိုး ရှိလှပါလား။ အတော် အားပြည့်ပြီး လန်းလန်း ဆန်းဆန်း ဖြစ်လာတယ်။ အလှုရှင်နဲ့ အတူ ဝေယျာဝိစ္စ အဖွဲ့ကို ကျေးဇူး တင်ပါရစေ။
ဒီစခန်းမှာ တရားစစ်တာတော့ မတွေ့မိဘူး။ တရားပြ ဘုန်းဘုန်းကို အမေး အမြန်းထူတာတော့ ကိုယ်တယောက်ပဲ ရှိမယ်ထင်တယ်။ မနက်စောစောက တရားထိုင်လို့ မရတာကို လျှောက်တင်တယ်။ ဘုန်းဘုန်းက လောဘစိတ်ကို မမှတ်လို့ ဖြစ်ရတာတဲ့။
ရ နာရီမှာ ဆရာတော်ကြီး တရားဟောတယ်။ တရားထိုင်ရာကနေ ဥာဏ်အသိရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ လမ်းညွှန် ဟောကြားတော်မူတယ်။ အဲဒါ ကိုယ်အလိုချင်ဆုံး၊ အသိချင်ဆုံးပါပဲ။ မျက်စေ့မှိတ်၊ အာရုံစူးစိုက်ပြီး တရားနာနေတဲ့ကြားက တချက် တချက် အိပ်ငိုက်သွားတယ်။
မျက်စေ့ဖွင့် ဆရာတော်ကြီးကို စူးစိုက်ကြည့်ပြီး တရားနာတော့မှ မငိုက်တော့ဘူး။ ဟိုဟိုဒီဒီ ကြည့်မိတော့ အံ့စရာ မြင်ကွင်းတခု တွေ့လိုက်ရတယ်။ ရှေ့ဆုံးမှာ ထိုင်နေတဲ့ ဦးလေးကြီး တယောက် ငိုနေပါလား၊ ဘေးတခြမ်းစောင်း မြင်နေရတယ်။ ငိုတာမှ အသံမထွက်ပဲ ကြိတ်ပြီး ရှိုက်ကြီး တငင်နဲ့။
ဆရာတော် ဟောနေတာက ရုပ်နဲ့ နမ် ခွဲခြားသိဘို့၊ ဒီအသိဟာ စည်းစိမ်တွေ အားလုံးထက် မြင့်မြတ်တဲ့ အကြောင်း။ အဲဒီ ဦးလေးကြီးကတော့ ဆရာတော် မေးသမျှ လိုက်ဖြေရင်း မျက်ရည်တွေ ပေါက်ပေါက် ကျနေလေရဲ့။ အဲဒါတွေ လိုက်ကြည့်ရင်း အတော် အိပ်ချင်ပြေသွားတယ်။ တရားဆုံးတဲ့ အထိ အာရုံစိုက် နာဖြစ်တယ်။ ဘယ်သူ့ကို ကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး။
တစ်နာရီကြာ တရားဟောပြီးနောက် နာရီဝက် တရားထိုင်ကြတယ်။ ဒါပြီးရင် စခန်းသိမ်း တရား ဟောတော့မယ်။ အလွန် တရားရှုမှတ်လို့ ကောင်းလှချည်လား။ တရားပြ ဘုန်းဘုန်း ညွှန်ကြားတဲ့ အတိုင်း နောက်ဆုံးပိတ် အိတ်နဲ့လွယ်မိပြီပေါ့။ နာရီဝက်ဟာ ကိုယ့်အတွက် နည်းလွန်းလှတယ်။
စခန်းသိမ်း တရား နာပြီးတဲ့နောက် နေ့ဆွမ်း စားကြတယ်။ အလှုရှင်တွေ စေတနာ ကောင်းလိုက်ကြတာ။ ဟင်းပွဲတွေကို စုံလို့။ ဝေယျာဝိစ္စ အဖွဲ့ကလဲ တာဝန်ကျေလွန်းလို့၊ အနားမှာ စောင့်ပြီး လိုသမျှ ချက်ခြင်း လုပ်ပေးတာ မနေတတ်အောင် ပါပဲ။
ဒီနေရာမှာ သတိရမိတာလေး တခုရှိတယ်။ ဆွမ်းကျွေးတခု သွားတုန်းကပေါ့။ ဘုန်းကြီးတွေ ဆွမ်းစားနေတာကို လူတွေ အများကြီး အနားမှာ စောင့်ကြည့် ဟင်းထည့်ပေးနဲ့။ လူတွေ မျက်ချည် မပြတ် စောင့်ကြည့်တာ ခံရတဲ့ ဘုန်းကြီးတွေ ဆွမ်းစားရတာ သက်တောင့် သက်သာ ရှိပါ့ မလားလို့လေ။
ခုလဲ ဒီလိုပဲ။ ဝေယျာဝိစ္စ အဖွဲ့က အနားမှာ စောင့်နေ၊ လိုတာ ချက်ခြင်းလုပ်ပေးနဲ့၊ တာဝန်ကျေလွန်းလို့ အားနာမိတယ်။ သူတို့ ကိုယ်နဲ့ သိလို့ မဟုတ်ဘူး။ ကိုယ်ဟာ ယောဂီ တယောက်မို့ ဒီလို လုပ်ပေးတာ၊ ဒီတော့ ယောဂီ ပီသအောင်နေလို့ ကိုယ့်ဘာသာ သတိပေးရင်း ဟင်းမျိုးစုံကို သွားရည်ကျနေတဲ့ စိတ်ကို ဖျောက်ရတာပေါ့။
ဆွမ်းစားပြီးတဲ့နောက် ပြန်လို့ရပြီ။ ပစ္စည်းသိမ်း၊ ပြန်ဘို့ အဆင်သင့် ဖြစ်ပြီ ဆိုတော့မှ အနီးအနား တ၀ှိက် လှည့်ပတ် ကြည့်မိတယ်။ တိုက်အရှေ့ဘက်ပန်းခြံမှာ ရှိတဲ့ လှေခါးထစ်တွေ တလျှောက် ဆင်းသွားတာနဲ့ ပင်လယ်ကမ်းစပ်ကိုေ၇ာက်သွားပြီ။ ရှုခင်းတွေက လှလိုက်တာ။ အသင့်ပါလာတဲ့ ဟန်းဖုန်း ကင်မရာနဲ့ပဲ ရိုက်လိုက်ရတယ်။
ကားဂိတ်နဲ့ အတော်လှမ်းတဲ့ နေရာမို့ Taxi ကိုပဲ ခေါ်လိုက်တယ်။ တညပဲ နေမယ် ဆိုပေမဲ့ အိတ်နှစ်လုံး၊ ခေါင်းအုံး တခုနဲ့ ဖရိုဖရဲ ဖြစ်နေလို့လေ။ လမ်းတလျှောက် မိုးတဖွဲဖွဲနဲ့။ ငိုက်လာရင်း အိမ်ကို ရောက်လာပါတော့တယ်။ အိတ်တွေကို ကမန်းကတန်းချ၊ အိပ်ခန်း တခါးကို အပြေးအလွှား ဖွင့်မိတယ်။ ဟင်း … ငါ့အိပ်ယာလေး ... ငါ့အိပ်ယာ အဖိုးတန်လေး… ။
ပန်းခရမ်းပြာ
(ဆရာတော်ကြီးနှင့် တရားပြဆရာ ဘုန်းဘုန်း ဦးကေသရ တို့ကို ဤစာစုဖြင့် ရှိခိုး ပူဇော် ကန်တော့ပါ၏။)
Tuesday, November 3, 2009
ယောဂီ ဒိုင်ယာရီ (၃)
Labels:
ကိုယ်တွေ့မှတ်တမ်း,
ဗဟုသုတ
Subscribe to:
Post Comments (Atom)

8 comments:
ယောဂီ ဒိုင်ယာရီ အစအဆုံး ဖတ်သွားပါတယ် မချို...တယောက်နဲ့တယောက် ဖြစ်တာလေးတွေ ယေဘူယျအားဖြင့် တူတတ်တော့ မချိုက စာနဲ့ ပြန်ရေးချထားတာ ဖတ်မိပြီး ကိုယ် ယောဂီဖြစ်တုန်းက အဖြစ်တွေ ပြန်သတိရမိစေပါတယ်။
အားထုတ်ခဲ့တဲ့ ကုသိုလ် အ၀၀အတွက် သာဓု သာဓု သာဓု
ကျေးဇူးပါ မသီတာ။
ပထမဆုံး တရားစခန်း ၀င်မယ်ဆိုတော့ အတွေ့အကြုံ ရေးထားတာများ ရှိမလားဆိုပြီး ဘလော့တွေမှာ ရှာကြည့်သေးတယ်။ မတွေ့ရဘူး။ ဒါကြောင့် ကျမတို့လို Beginner တွေ အတွက် သိသင့်တာလေးတွေ ဝေမျှတာပါ။ ကျမ အတွက်လဲ မှတ်တမ်း ရတာပေါ့လေ။
အင်း ငါ့အိပ်ယာလေး အဖိုးတန်လေး....
ခုထိ အစွဲတွေ မပျောက်သေးပါလား မချိုရေ...
ဟားဟား .. စတာနော်... ကောင်းတယ်ဗျာ ငယ်ရွယ်ချိန်မှာ တရားရှာ ကြီးမှ သက်သာမည်။ အဲလို့မျိုး သွားထိုင်ချင်တယ်။ ကြိုးစားလိုက်ဦမယ် ဗျာ သွားနိုင်အောင်တော့...
သွားပါ။ သွားပါ။ မောင်ဘုန်း (ငါစွဲ) ပျောက်သွားရင် ပြောလေ။ ဒါဆို ငါ့ပိုက်ဆံ ဆိုတာလဲ မရှိတော့ဘူး။ အကုန် လာယူပစ်မယ်။ ဟဲဟဲ..
မမြဲတရားကို ဆင်ခြင်မိလာတဲ့အခါ အိပ်ပျော်မယ် စားဝင်မယ် ကျန်းမာရေး ကောင်းလာမယ်။
အဲဒါကတော့လက်တွေ့ဘဲဗျ။
လာသေးတယ်၊ ဟင်းပွဲတွေက စုံလို့တဲ့။
ပျောက်ချက်သား ကောင်းလှချည်လား။ ရောက်မလာတာ ကြာပြီ။ ယောဂီ အသစ်ပဲ။ ဟင်းပွဲလေးတွေ စုံအောင် ခိုးကြည့်မိတာပေါ့။
အိမ်သူကြီးရေ စာတွေ အတိုးနဲ့ လာဖတ်သွားတယ်၊ စင်္ကာပူရောက်ယင် လာတည်းမယ်၊ သော့အပို ဝယ်လာခဲ့မယ်လေ၊ စကားမစပ် ရီရွှန်းမှာ ဘလော့ဂ်ဂါတွေ အတော်ပေါတာပဲ။
အင်း မချို ရဲ့ တရားစခန်း မှတ်တမ်းလေး က တန်ဖိုးရှိတယ်ဗျာ။
ကျွန်တော် လွန်ခဲ့တဲ့ ၁၁ နှစ်က ပထမဦးဆုံးဝင်ဖူးတုန်းက ပဉ္စင်းဝတ်ကြီး နဲ့ ဗျ။ နာရီဝက်ပြီးယင်တော့လား အလားလား နာလိုက်တာ ကျင်လိုက်တာလေ။
တစ်နေ့ ၆ ကြိမ်ထိုင်ရတယ်။
ခုတော့လဲ လူက စိတ်ရှိပေမယ့် တကယ့် စခန်းမ၀င်ဖြစ်ဘူးဗျ။ ကိုယ့်ဟာ ကိုယ်ပဲ ၁၅ မိနစ် ၂၀ မိနစ်လောက်တော့ နေ့တိုင်းထိုင်ဖြစ်တယ်။
အနဲလေး တော့ဝင်လေထွက်လေ စိတ် ကို မှတ်တယ်။ ဒီတော့ စိတ်အာရုံဟာ အဲဒီ ၂၀ မိနစ်လေးမှာတော့ ကုသိုလ်စိတ်လေး ဖြစ်နေတာပေါ့ဗျာ။ လောဘ၊ဒေါသ၊မောဟ ကင်းစင်နေချိန်လေး တစ်နေ့ မိနစ် ၂၀ ရလဲ မနဲဘူးလို့ တွက်ယူပြီးအားထုတ်မိပါတယ်။
သာဓု သုံးကြိမ်ခေါ်ခဲ့ ပါတယ်နော်။
ခင်မင်သော
မောင်မောင်
Post a Comment