Monday, March 5, 2012

ဘလော်ဂါရဲ့ ဘဲဥဟင်း

ဘလော်ဂါ ပီသအောင် ဘဲဥဟင်း ချက်တဲ့ အကြောင်း စာလုပ် ရေးလိုက်ဦးမယ်။ စာမရေးတာ ကြာတော့လည်း ရေးဘို့ တယ် မသွက်ပေးဘူးကိုး။ ပေါ့ပေါ့ ပါးပါး စာလေးနဲ့ပဲ ပြန်ရေးဘို့ အရှိန် ယူနေပါတယ်။

သိကြတဲ့ အတိုင်း စင်္ကာပူမှာ ဘဲဥအစိမ်း အလွန် ရှားပါးပါတယ်။ အရင်ကတော့ Wet market တွေမှာ ဝယ်လို့ရသေးတယ်။ ခုတော့ မရတာ ကြာပါပေါ့လား။ ကြက်ဥ ချဉ်ရည် … ကြက်ဥကြော် တွေနဲ့ပဲ အစားထိုး နေရတာလေ။

ဒီဘဲဥကတော့ မြန်မာပြည်က တကူးတက သယ်ခဲ့ရတာပါ။ ဖေဖေါ်ဝါရီလ ရန်ကုန် ပြန်တုန်းကပေါ့။ စင်္ကာပူကို ပြန်မဲ့ မနက်စောစောမှာ ညီမတော်က ဖုန်းဆက်ရင်းနဲ့ မေးတယ်။ ဘဲဥ ပြုတ် ထည့်လာမှာလားတဲ့။ အဆင်သင့် မရှိလို့ မယူလာတော့ဘူးပဲ ပြန်ဖြေလိုက်တယ်။


အဲဒီမှာပဲ ဖခင်ကြီးက ငါ့သမီးလေး စားချင်တာ ကျွှေးကြပါဟဲ့ ဆိုပြီး ကမန်းကတန်း ပြေးဝယ်။ ယောင်းမတော်က ပြုတ်။ သတင်းစာနဲ့ ပတ်… ပလပ်စတစ်အိတ်နဲ့ ထုပ် … စားစရာအိတ်ထဲ ထည့်သယ်ခဲ့ရတယ်။

လေဆိပ်မှာ ချက်ကင် လုပ်တော့ အိတ်ကို Fragile ကပ်ပေးပါဆိုတော့ စတစ်ကာ ကုန်နေလို့ မကပ်ပေးနှိုင်ပါတဲ့ …။ ငါ့ဘဲဥတွေတော့ ကွဲကုန်ပါပြီ။ အံမယ် … ဒီရောက်တော့ အားလုံး အကောင်းပကတိ အက်ရာတောင် မရှိဘူးဗျို့ …

ကဲ …MAI မကောင်းဘူးလို့ ဘယ်ပြောရမပါ့မလဲ။ ဘဲဥ မကွဲဘူး။ ငယ်ငယ်က အတန်းထဲမှာ အမြဲတန်း သုံည ရတဲ့လူတွေကို ဘဲဥ မကွဲဘူးလို့ ပြောလေ့ ရှိကြတာကိုတောင် သတိရမိသေးတယ်။

ဒီပြန်ရောက်တော့လည်း ဟင်း မချက်ဖြစ်ဘူး။ ဘဲဥ ပြုတ် အတိုင်းပဲ စား စားလာလိုက်ကြတာ … နောက်ဆုံး လက်ကျန် နှစ်လုံးပဲ ရှိတော့တယ်။ ဟင်းဖြစ်အောင်တော့ ချက်ဦးမှ။ အမှား အယွင်းမရှိ အပျက် အစီး အလေအလွင့် မရှိအောင် ဂရုစိုက်မှ …။ နောက်ထပ်ရဘို့ မလွယ်ပေဘူး။

ခါတိုင်းလို အရောင်တင်မှုန့်နဲ့ အလွယ် မချက်ပဲ ငရုတ်သီး အတောင့်ကိုထောင်း … ပုဇွန်ခြောက် အမှုန့်ထည့် … ကုလားလေး မဆလာထည့် … ရန်ကုန်က သယ်လာတဲ့ မန်ကျည်းသီးကို ရေနွေးနဲ့ စိမ်.. အသင့်ပြင်ထားတယ်။ ဘလော့ အတွက် ဓါတ်ပုံလည်း ရိုက်ရင်းပေါ့။

မတူးအောင် မကပ်အောင် သတိထား ကြော်မှ … ဆီပေါက်တာကို အမှုမထားနဲ့ လက် အရေပြား လောင်သွားရင် အသစ်ထွက်လာလိမ့်မယ်။ တူးသွားလျှင် သွားထပ်ဝယ်လို့ မရနှိုင်ပေဘူး။

အမှား အယွင်း အပြစ် အနာ အဆာ မရှိ ဘဲဥ ချဉ်ရည်ဟင်း ရလာပါပြီ။ တွဲဖက် အစာ အဖြစ် ရန်ကုန်ပြန် အခြောက် အချမ်းတွေထဲကပဲ ရွေးလိုက်တယ်။ ငါးကျည်းကြော်၊ ဂျူးမြစ် ပဲပုပ်ကြော်၊ ငါးခြောက်ကြော်၊ ဝက်အူချောင်း၊ ငါးပိထောင်း ၊ ငံပြာရည်ကြော်၊ ရွှေပုဇွန်က လဖက်သုပ် ….. ။




မချို (ပန်းခရမ်းပြာ)


Read More...

Tuesday, November 15, 2011

အပေါ်ထပ်နဲ့ အောက်ထပ် ဇာတ်လမ်း

စာရေး စာဖတ်လို့ မကောင်းဘူး။ အမြင် မကြည်လင်ဘူး။ မှုန်ဝါးဝါး ဖြစ်နေတယ်။ လက်ရှိ စာကြည့် မျက်မှန်က မဖြစ်စလောက် ဒီဂရီ နည်းနည်းလေးနဲ့ ဆယ်နှစ်နီးပါး အသုံးတော်ခံနေတာ။ မျက်မှန် အသစ် လုပ်ဘို့ အချိန် ရောက်လာပြီ ထင်ပါရဲ့။


အိမ်နားက Shopping Mall မှာ ဆိုင်တွေ အတော်များများ စုံစမ်းပြီး သကာလ Better Vision မှာပဲ မျက်မှန် အပ်လိုက်တယ်။ အရောင်း မန်နေဂျာကလည်း အပြော ကောင်းလွန်းတာကိုး။

မျက်စိကို စစ်လိုက်တော့ ဒီဂရီတွေလည်း တိုး ... အနီးကြည့်၊ အဝေးကြည့် နှစ်မျိုး စလုံး လိုအပ်နေပါသတဲ့။ မှန်တခုထဲမှာပဲ အနီး အဝေး ပေါင်းထားတဲ့ Progressive lens လုပ်ပါတဲ့လေ။

ဈေးများလွန်းလို့ ဝေခွဲမရ ဖြစ်နေတုန်း Calculator ကို ဟိုနှိပ် ဒီနှိပ်ပြီး ဈေးနဲနဲ ထပ်လျှော့ ပါလေရော။ ပြောလိုက်သေးတယ် ....

"I give you children price. Not because of your age. It’s because of your look."

ကဲ ... အမြှေက် မကြိုက်တဲ့ မိန်းမ ဒီကမ္ဘာပေါ်မှာ ရှိပါဦးမလား။

မျက်မှန် သွားယူတဲ့နေ့မှာတော့ မျက်မှန် တပ်ပြီး လမ်းလျှောက်ခိုင်းတယ်။ အောင်မယ်လေး ...လေး ....ကြမ်းပြင်က အရမ်း နိမ့်နေပါရောလား။ ခြေ မလှမ်းရဲဘူး။ လမ်းလျှောက်နည်း သင်ပေးတယ်။ ခေါင်းငိုက်စိုက်ချ .... မှန် အပေါ်ပိုင်းနဲ့ ကြမ်းကိုကြည့် ... ဒီတော့မှ ပုံမှန် ဖြစ်သွားတော့တယ်။

စာပွဲပေါ်ကို စာရွက်တင် ... မှန် အောက်ပိုင်းနဲ့ဖတ် ... ကြည်လင် ပြတ်သားလို့ ... အဲ မျက်စေ့နဲ့ တတန်းထဲ စာတွေကို ဖတ်တော့ ကောင်းကောင်း မမြင်ရတော့ဘူး။ ခေါင်းမော့ မေးထိုး မှန်အောက်ပိုင်းထဲ ၀င်အောင်ထည့်ပြီး ဖတ်မှ မြင်ရတော့တယ်။

ညာဘက်၊ ဘယ်ဘက် မျက်လုံးစွေကြည့်ခိုင်းတယ်။ မမြင်ရဘူး။ မူးလာတယ်။ ညာဘက် ကြည့်ဘို့ ခေါင်းကို လှည့် ... မျက်လုံး တည့်တည့်ထား ကြည့်။ ဘယ်ဘက်ကိုလည်း ဒီ အတိုင်းပဲ ကြည့်ပါတဲ့။

ပထမဆုံး သုံးရက် ဒီမျက်မှန်ကို ရုံးခန်းထဲမှာပဲတပ် မျက်စေ့ အသားကျအောင် ကျင့်ပါလို့ ဆိုတယ်။ တဖြည်းဖြည်းနဲ့ ကြည့်ရတာ အဆင် ပြေလာပါ့မယ်တဲ့။

နောက်တနေ့မှာ မျက်မှန် အသစ်နဲ့ အလုပ်စရှုပ်ပြီပေါ့။ အဝေးကို မှန် အပေါ်ပိုင်းနဲ့ကြည့်၊ အနီးကို မှန် အောက်ပိုင်းနဲ့ ကြည့်၊ အဲ ... မနီး မဝေး ... ကွန်ပြူတာ စကရင်ကြီးကို ကျ ဘာနဲ့ ကြည့်ရပါ့။ ၀ါးလိုက် ၊ ကြည်လိုက်နဲ့ အခက်တွေ့ရော။

ဆိုင်ကိုပြန်သွား စစ်လိုက်တော့ မှန်အောက်ပိုင်းနဲ့ ကြည့်ရမယ်တဲ့။ မျက်မှန်ကိုင်းကို ပြန်ချိန်ပေးလိုက်တော့ အဆင်ပြေသွားရော။

ဒါဆို အားလုံး အိုကေပြီထင်နေတာ နောက်ပြဿနာတခု ထပ်ပေါ်လာပြန်ရော။ စားပွဲပေါ်မှာ စာရွက် နှစ်ရွက်ချ နှိုင်းယှဉ်ဘို့၊ မှန် မမှန် စစ်ဘို့ လုပ်ပြီဆိုတာနဲ့ စွေကြည့်လို့ မ၇တဲ့ ဒုက္ခ။

ရှေ့တည့်တည့်က စာရွက်ကို ဖတ်လို့ကောင်းတယ်။ နောက်တရွက်ကို ဖတ်ဘို့ မျက်စေ့ ရှေ့တည့်တည့် ရောက်ဘို့ ခေါင်းလှည့်၇တော့တာပေါ့။ ခေါင်းကို ဘယ်ညာ အချက်ကျကျ လှည့်နေလိုက်၇တာ သီချင်းများဖွင့်ထားရင် က နေတယ်လိုတောင် ထင်ချင်စရာ။

အခု တလောမှာတော့ ကြည့်စရာ တခုခုတွေ့ရင် မှန်အပေါ်ပိုင်းနဲ့ အောက်ပိုင်းနဲ့ လား အမြန် ဆုံးဖြတ်။ စိတ်ဆိုးတိုင်း မျက်စောင်း မထိုးရဲ၊ ခေါ်သံကြားရင် သမင်လည်ပြန်၊ ဘဲလည်လိမ် နဲ့ ဟန်ရေးပြလို့မရ။ ရှေ့တည့်တည့် ကြည့် ... သတိ ...ဖြစ်နေရပါတယ်။




မချို (ပန်းခရမ်းပြာ)

Photo : ပန်းခရမ်းပြာ



Read More...

Friday, November 11, 2011

တစ်ခြောက်လုံး သောကြာ

မနက် မိုးလင်းသည်နှင့် ဖုန်း မက်ဆေ့များ တတီတီနှင့် ရောက်လာသည်။ ၁၁.၁၁.၂၀၁၁ ဆုတောင်းများပေကိုး။ ဆယ့်တစ်မိနစ် အတွင်း လူ ဆယ့်တစ်ယောက်ကို ပို့ရမည် ဆိုသည်လည်းပါ၏။

ဗေဒင်၊ ဖုန်းရွှေ၊ ဂဏန်းများကို နားမလည်ပါ။ သို့သော် ဆယ့်တစ်ရက်နေ့ဖွား ဖြစ်သောကြောင့် ဒီနေ့ကို ရင် မခုန့် တခုန် ဖြစ်သလိုလို ရှိသည်ကတော့ အမှန် …။ ဟိုရောက် ဒီရောက် ပို့စ် တပုဒ်ဖြင့် စာရေးချင်စိတ် ပေါ်လာ၏။ သည်းခံ ဖတ်ကြပါလေ။


အိန္ဒိယ ဆိုင်မှ နေ့လည်စာ ဖြစ်သည်။ မိတ်ဆက်ရသော် ကြက်သားဟင်း၊ ပန်းဂေါ်ဖီနှင့် အားလူး အရော၊ ပဲဟင်းရည်၊ သံပုရာသီး သနပ်တို့ ဖြစ်သည်။ လူထူထူတွင် ဖုန်းကင်မရာဖြင့် ရိုက်သောကြောင့် ပုံမကောင်းချေ။

ရုံးပြန်ေ၇ာက်သော် ကုမ္ပဏီ ဒင်နာ တက်ရန် အတွက် လက်မှတ်များ ဝေနေ၏။ နောက်တစ်ပတ်ထဲတွင် ဖြစ်သည်။ အခုထိ ဘာဝတ်၇မည် မသိသေး။ ရှိပြီးသော အဝတ်များကို ညီမတော်က ပုံတုံးတွေဟု Reject လုပ်ထား၍ ရုံးပိတ်၇က် အတွင်း သင့်တော်ရာ ရှာပေရဦးမည်။

ညနေ ရုံးဆင်းသောအခါ ပင်နီစူးလားသို့ သွားသည်။ လေးထပ်တွင် လဘက် အကြော်စုံ ဝယ်သည်။ အခြား ဆိုင်များတွင် ရနှိုင်လျှက်နှင့် လေးထပ် အထိ ဘာကြောင့် သွားရသလဲ မေးစရာ ဖြစ်နေပေမည်။

လွန်ခဲ့သော တစ်ပတ်က သူတို့ ဆိုင်ထဲတွင် စားစရာ အထုပ် အသစ် တော်တော် များများ ထည့်နေသည်ကို တွေ့သောကြောင့် အသစ်ရောက်သော အကြော်စုံ ထုပ်ဝယ်သည်။ အလွန်ကြွပ်ရွ လတ်ဆတ် သဖြင့် တကူးတက ထပ်ဝယ်ရခြင်း ဖြစ်သည်။

မိတ်ဆွေ အန်တီ တစ်ယောက်နှင့် တွေ့၍ စကားရပ်ပြောသည်။ မိန်းမပျိုလေးကဲ့သို့ ပြင်ဆင်ထားသော သူ့ကို လှကြောင်း မြှေက်ပင့် ပြောရင်း အကျီ င်္ ဘယ်က ဝယ်လည်းဟု မေးမိကာမှ ပို ဆိုးတော့သည်။ စပိန်က လာသည် ဆိုပါလား။

လွိုင်နိုင်းသို့ ရောက်သော အခါ ထူးထူး ခြားခြား ခုံလွတ် တချို့  တွေ့ရ၏။ ရှမ်းခေါက်ဆွဲ စားသည်။ ရှမ်းနှစ်သစ်ကူးပွဲသို့ မလာသောကြောင့် စိတ်ကောက်နေသော ရှမ်း သူငယ်ချင်းအား သတိ၇မိသည်။ လျှမ်းလျှမ်းတောက် ကြော်ကြားနေသူ အဘို့ အားပေးသူများ မရှားပါချေ။ လောလောဆယ် ခပ်ရှမ်းရှမ်းဖြင့် စားပြီး ပိုက်ဆံ မပေးပဲ ထွက် မသွားမိစေရန်သာ သတိထားနေရသည်။

City Link ထဲတွင် ဝင်းဒိုး ရှော့ပင်း လုပ်သည်။ ဆိုင်အားလုံး ကြည့်ဖန်များလွန်း ၍ အလွတ် ရလုနီးပါးပင် …. ။လူထူထူကြားတွင် ဓါတ်ပုံ ရိုက်ရသည်မှာ အဆန်း မဟုတ်တော့။ ဖေ့စ်ဘွတ် သားကောင်၊ ဘလော့ သားကောင်များ များသထက် များလာချေပြီ။

ဘလော့၏ သားကောင် တစ်ယောက်သည်လည်း အိမ်ပြန်၍ ၁၁.၁၁.၂၀၁၁ အမှီ ပို့စ်တစ်ပုဒ်ကို တင်နှိုင်ရန် ရထား ဘူတာရုံသို့ အလျှင် အမြန် သုတ်ချေတင်လေတော့သည်။



မချို (ပန်းခရမ်းပြာ)

Photo : ပန်းခရမ်းပြာ

Read More...

Saturday, September 24, 2011

ဖုံးချင်သေးလား မဘလော်ဂါ

လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပေါ့ ….။ ညနေရုံးဆင်းချိန် ရထားစီးလာတယ်။ အလုပ်သစ် ဝင်ခါစဖြစ်လို့ ကား၊ရထား စီးရတာ အသားမကျသေးဘူး။ တဌာနတည်း အတူ အလုပ်လုပ်တဲ့ မြန်မာ မောင်လေး တစ်ယောက် လည်းပါလာတယ်။

ရထားတွဲပေါ် ရောက်တာနဲ့ သူ့ သူငယ်ချင်းတယောက်ကို တွေ့လို့ လှမ်းနှုတ်ဆက်တာကို ကြည့်လိုက်တော့ ကိုယ့်သူငယ်ချင်း ဖြစ်နေရော။ ဝမ်းသာအားရ စကားတွေ ပြောလာလိုက်ကြတာ ဆင်းရမဲ့ ဘူတာတောင် ကျော်သွားတော့မလို့ …။ သူတို့ နှစ်ယောက်ကတော့ ဆက်စီးသွားကြလေရဲ့။


နောက်တနေ့ ရုံးတက်တော့ အဲဒီ မောင်လေးက ထူးထူး ခြားခြား စကားတွေ ပြောလာတယ်။ ဘလော့ အကြောင်း၊ ဘယ်လော့ကို ကောင်းအောင် ဘယ်လို ပြင်ရမဲ့ အကြောင်း၊ ဟိုဘလော့ ဒီဘလော့ … ဘလော့ ပိုင်ရှင်တွေ အကြောင်း .. အစရှိသဖြင့်ပေါ့ …။

သို့ပေမဲ့လည်း မချိုတို့က ဖုံးချင်တဲ့ သူ ဆိုတော့ သတိ ကြီးကြီး ထားပြီး ရှောင်တိမ်းပါသေးတယ်။ နောက်ဆုံး ဘလော့ ရေးတယ် မဟုတ်လားလို့ ပြောင်ဖွင့်မေးတာတောင် ငြင်းပစ်လိုက်တယ်လေ။ မကျေနပ်ဘူးထင်ပါရဲ့။ တစ်နာရီ အတွင်း ရအောင် ရှာပြမယ်တဲ့ … ခြိမ်းခြောက်နေလိုက်တာများနော်။

ဒီတော့မှ ဖြတ်ကနဲ သတိရမိတယ်။ မနေ့က ရထားပေါ်မှာ တွေ့ခဲ့တဲ့ သူငယ်ချင်း … စာသမား အချင်းချင်း ဆိုတော့ ဘလော့ ဖွင့်ကာစမှာ ပြောခဲ့ဘူးတယ်။ အကြံဥဏ် တောင်းခဲ့ဘူးတယ်။ မနေ့က သူတို့ အချင်းချင်း ရထားပေါ်မှာ ပြောမိကြတယ် ထင်ပါ့။

ထင်တဲ့ အတိုင်းပဲ ….တစ်နာရီ မကြာဘူး။ ရောက်လာတယ်။ ဟိုဘလော့၊ ဒီဘလော့ အကြောင်း စကားစပ်လာတယ်။ သူ့ အကြည့်က တမျိုး။ နေ့တိုင်း တွေ့နေရတဲ့ လူကိုများ ကြည့်လိုက်တာ ခပ်စိမ်းစိမ်းနဲ့ … မမြင်ဘူး သလိုလိုနဲ့နော်… အောင်နိုင်သူရဲ့ လေသံမျိုးနဲ့ … ဒီ ဘလော့ကို ရောက်ဘူးတယ်၊ ဘလော့ ပိုင်ရှင်ကိုတော့ ခုမှ တွေ့ဘူးတယ် …တဲ့။

အို …စင်္ကာပူမှာ ဘလော်ဂါတွေမှ အများကြီး … တွေ့အောင် ရှာဘို့ လွယ်တာမှတ်လို့ …။

ဒီမနက်မှာ ထုံးစံ အတိုင်း ဘလော့ဝင်၊ ကွန်မန့်စစ်၊ အဝင် အထွက်တွေ ကြည့်လိုက်တော့ … အောင်မယ်လေး … ကိုယ့် Company နာမည် IP Address နဲ့ ဝင်ထားတာတွေ တွေ့ပါရောလား။

လာရောက် မွှေနှောက် ဖတ်ရှု အားပေးသွားတဲ့ အတွက် အထူး ကျေးဇူးပါ။

မနေ့က သူပြောသွားတာကိုလည်း အမှတ်ရပြီး အတွေး ဆက်ပွားမိတာက ဒီလို …

“ငါ့ အစ်မကြီးက မထင်ရဘူး” ….တဲ့

အင်း … ငါ့စာတွေနဲ့ ငါ့ ပုံပန်း သဏ္ဍန်က အတော် ကွာဟနေပုံ ရတယ် …။
ရေးတဲ့ စာတွေက အရမ်းကောင်းပြီး … ငါပဲ အရမ်း ရုပ်ဆိုးနေလို့လား …
ဒါမှ မဟုတ် … စာ အရေးအသား တော်တော် ညံ့ပြီး … လူက အရမ်း လှနေလို့များလား …။

အို … ဘာပဲ ဖြစ်ဖြစ် တခုမှ အရှုံး မရှိဘူး …

စာရေးတာကိုတော့ ဆင်ခြင်ဘို့ လိုအပ်လာပြီ …။
ကလောင် မရမ်းပါနဲ့ …
အဲ … ကီးဘုတ်ပေါ်မှာ လက် မသရမ်းပါနဲ့ …. မပန်းခရမ်းပြာ ….



မချို (ပန်းခရမ်းပြာ)

Photo : Google

Read More...

Saturday, September 3, 2011

မျောက်မုဆိုး

လူကြိုက်များတဲ့ Angry Birds ကစားကြည့်ရင်း တဖြည်းဖြည်း စွဲလာတယ်။ ငြိမ်ငြိမ်လေး ထိုင်နေတဲ့ ဝက်ကလေးတွေကို အရှိန်နဲ့ ပြေးတိုက်ပြီး သတ်ပစ်ကြတဲ့ ငှက်ကလေးတွေပေါ့။

ဒေါသ ကြီးလိုက်တာလည်း လွန်ပါရော။ “ဂါး …………” ကနဲ အသံနက်ကြီးနဲ့ အော်ပြီး အရှိန်ပြင်းပြင်းနဲ့ ပျံ … ပြေးတိုက်လိုက်ကြတာ …. ဝက်လည်းသေ …. ငှက်လည်းသေ .... ရန်သူကို အသေခံတိုက်တဲ့ သူရဲကောင်းတွေလို့တောင် အထင်ကြီးမိသေးတယ်။


ကာတွန်းရုပ် ဝက်ကလေးတွေ ခမျာ …. ငှက်တွေ ပျံလာပြီဆို မျက်လုံး ပြူးကြောင်ကြောင်နဲ့ ကြောက်နေကြရှာတယ်။ သနားစရာတော့ ကောင်းသား။ ဒါပေမဲ့လည်း အားတက်သရော သတ်ဖြတ်လာလိုက်တာ Level 5 ရောက်လာပြီးမှ Game Update လုပ်ရင်း မတော်တဆ ဖျက်လိုက်မိရော။

Install လုပ်ဘို့ ရှာတော့ Angry Bird နောက်တမျိုး ထပ်တွေ့တယ်။ ပုံတွေ ပိုကောင်း … ပို အသက်ဝင် … တကယ့် ရုပ်လုံးကြွ ကာတွန်း ရုပ်ရှင် ကြည့်နေရတဲ့ အတိုင်းပဲ။

ပထမဆုံး Level က Smuggling Den ….. ငှက်မျိုးစုံကို ဖမ်း … လှေင်အိမ်ထဲထည့် … ဂိုဒေါင် အပျက်ကြီး ထဲမှာ စုထားတယ်။ ဒါကို Angry Bird တွေက အရှိန်ပြင်းပြင်းနဲ့ ပျံ … ကိုယ်လုံးနဲ့ လှေင်အိမ်ကို ပြေးတိုက် …. အဖမ်း ခံထားရတဲ့ ငှက်တွေ လွတ်သွား … Angry Bird ကတော့ သေရော …။

ဒီတခါတော့ ကိုယ့် အမျိုးကို အသက်စွန့် ကယ်တင်တဲ့ ဟီရိုးတွေဆိုပြီး ဝမ်းသာ အားရတောင် ဖြစ်နေမိတာ။

Level 3 ရောက်တော့ ပစ်မှတ်က မျောက်တွေ ဖြစ်သွားပြီ။ အလိုလိုမှ မျောက်ကို အမြင်ကပ်နေတာ … အားပါးတရ သတ်ဖြတ် ပစ်လိုက်တာပေါ့။

အသတ်ခံရခါနီးဆို မျောက်တွေ ကြောက်လွန်းလို့ တုန်နေလိုက်တာ။ ရုပ်ပုံတွေက အသက် ဝင်လွန်းလို့လေ။ ဝက်တုန်းက ကာတွန်းရုပ် သက်သက်ကြီး ဆိုတော့ မသိသာဘူးပေါ့။ ခုတော့ မျောက်တွေကိုများ ထိသွားရင် ငယ်သံပါအောင် အော်ပြီး ကား ကနဲ သေကုန်ကြရော။

နောက်ဆုံး မျောက်နှစ်ကောင်တည်း ကျန်တော့ တကောင်နဲ့ တကောင် အားကိုး တကြီး ကြည့်ပြီး တဆတ်ဆတ် တုန်နေရှာတယ်။ ရင်ထဲမှာ ဆို့နင့်နင့် လိုလို … အားတင်းပြီး ငှက်တကောင် လွှတ်လိုက်တယ်။

မျောက်တကောင် သေသွားတယ်။ နောက်ဆုံးမျောက်ကို ကာထားတဲ့ ခေါင်မိုးလည်း ပွင့်သွားပြီ။ နှိုင်ဘို့ သေချာပေါက်ပဲ။ နောက်ထပ် ငှက်တကောင် ပြေးတိုက်တာနဲ့ နောက်ဆုံး မျောက်သေပြီ။

ဒီကောင်ကလည်း သူ့ကို ကာထားတဲ့ အမိုး ပွင့်သွားကတည်းက ကြောက်လွန်းလို့ … တဆတ်ဆတ် တုန်နေလိုက်တာ။ ငှက်ကို အသနားခံတဲ့ အကြည့်နဲ့ ကြည့်လို့ ….

ကဲ … ဘာလုပ်ရမှာလည်း … သတ်ပစ်လိုက်ရမှလား .. . အရှုံး ခံလိုက်ရမှာလား Angry Bird ရေ ….





မချို (ပန်းခရမ်းပြာ)

Photo : www.google.com


Read More...

Sunday, August 28, 2011

Polling Day နဲ့ ရှမ်းပွဲတော်

စာ မရေးဖြစ်တဲ့ အကြောင်း၊ ဘလော့ကို ပစ်ထားမိတဲ့ အကြောင်းတွေနဲ့ နိဒါန်း ချီမနေတော့ပါဘူး ….။

မနေ့က Polling Day စင်္ကာပူ သမ္မတ ရွေးကောက်ပွဲနေ့ …. အားလုံး ရုံးပိတ်ကြတယ်။ လူစုကြတယ်။ ပျော်စရာနေ့လေး အကြောင်းနဲ့ပဲ စာ စရေးလိုက်ပါတော့မယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပေါ့။ ပင်နီစူးလားကို ရောက်သွားတယ်။ ရှမ်းခေါက်ဆွဲ စားဘို့ လွိုင်နိုင်းကို သွားလိုက်တာ… လူအပြည့် … ခုံနေရာလွတ် မရှိဘူး။ မစားခဲ့ရဘူး ဆိုပါတော့။ အဲဒီကတည်းက ရှမ်းခေါက်ဆွဲကို စားချင်နေလိုက်တာလေ။


သူတော်ကောင်းတွေကို မိုးနတ်မင်းကြီးက ပစ်မထားပါဘူး။ SMS ရလာတယ်။ စနေ ညနေမှာ လူစုမယ်။ Histori ရဲ့ Boss ကိုစိုင်း ကိုယ်တိုင် ရှမ်းခေါက်ဆွဲ ချက်မယ် ဆိုပါလား …။ စားရချည်သေးရဲ့ ….။

နောက်တနေ့မှာတော့ ကျောင်းနေဖက် သူငယ်ချင်း ရှမ်းမလေးက ဖုန်းဆက်တယ်။ စနေ မနက် သူ့သမီးလေး မွေးနေ့ ကို လာပါ။ ရှမ်းခေါက်ဆွဲ ကျွှေးမယ်တဲ့လေ။ ကဲ … စားချင်ဦးဟဲ့ ရှမ်းခေါက်ဆွဲ ….။

စနေနေ့ မှာတော့ မဲပေးတဲ့ သူတွေ ဘယ်လောက် အလုပ် ရှုပ်ကြမလဲမသိ။ ဒီမှာတော့ မွေးနေ့လက်ဆောင် တစ်ထုပ်၊ ညနေ ပါတီ အတွက် တစ်ထုပ်၊ အဝတ်အစား အပို တစ်စုံ ပြင်ဆင်ပြီး မနက်ကတည်းက စထွက်ရပြီ။

မွေးနေ့ ဆုတောင်း ….. ကင်မရာ မယူသွားမိလို့ ဟန်းဖုန်းနဲ့ပဲ ရိုက်လိုက်ရတယ်။ ရှမ်းခေါက်ဆွဲကိုတော့ ဓါတ်ပုံ မရိုက်ဖြစ်လိုက်ဘူး။

စားသောက်ပြီးတာနဲ့ သူငယ်ချင်းတစ်စု အနီးဆုံး NTUC ဝင် …ညနေ နောက်တစ်ပွဲ အတွက် စီစဉ်နဲ့ … နာမည်ကျော် Chef အတွက် အဆင်သင့် ပြင်ထားပေးရတယ်လေ။

ရှမ်းခေါက်ဆွဲ၊ တိုးဟူးကြော်၊ ဝက်ခေါက်ကြော် …. မိုးလင်းကတည်းက ရှမ်းစာတွေနဲ့ စလာလိုက်တာ ညနေအထိ၊ ရှမ်းကိုးမီးကလည်း တောက်လောင်နေလိုက်တာမှ တော်တော်နဲ့ မငြိမ်းနှိုင်တော့ဘူး။

အိမ်ပြန်ရောက်တာနဲ့ TV ဖွင့် … မဲရေတာကို ခဏ စောင့်ကြည့်လိုက်သေးတယ်။ ထင်တဲ့ အတိုင်း တိုနီ ပါပဲ ...

ထုံစံ အတိုင်းပဲပေါ့။ ဒီနေ့ တနင်္ဂနွေ အိပ်ယာထ နောက်ကျတယ်။ Breakfast, Lunch, Dinner အားလုံး အတွက် ဒံပေါက် တပွဲ ….။ ဒီလိုမျိုး တနပ်စား ဥာဏ်တွေ လုပ်နေတာ ကြာပြီ ….။



မချို (ပန်းခရမ်းပြာ)

Read More...

Monday, June 20, 2011

ပန်းခရမ်းပြာနှင့် သူ၏ ဖေဖေ

ကံဆိုးချင်တော့ ICA ရုံးကိစ္စနဲ့ ဖေဖေ ပြန်ဘို့ရက် နောက်ကျသွားတယ်။ ကံကောင်းချင်တော့ လေယာဉ်ပျံ လက်မှတ်ကို ဈေးသက်သက်သာသာနဲ့ သက်တမ်းတိုးလို့ ရသွားတယ်။

ကံ ထပ်ကောင်းချင်တော့ ICA မှာ ရက်ချိန်း စောယူလို့ ရသွားတယ်။ ကံဆိုးချင်တော့ လေယဉ်ပျံ လက်မှတ်ဘိုး ပိုက်ဆံ ချေပြီးသွားပြီ။ လက်မှတ်ဘိုး တန်အောင် ဆက်နေရင်းနဲ့ပဲ မနေ့က ပျော်ရွှင်စရာ Father's Day ဖြစ်သွားပါတော့တယ်။


အဖေနှင့် သမီးများရဲ့ Father's Day နေ့လည်စာ .....


ရောက်လာကတည်းက ကျွေးတဲ့ အစားအစာတွေက တဖြည်းဖြည်း အဆင့် အတန်း မြင့်လာတယ်။ ပထမဆုံး ပန်းကန်ထဲမှာ ...။ နောက်တော့ မြေအိုးထဲမှာ၊ ဒန်အိုးထဲမှာ၊ သံပြား အပူပေါ်မှာ ...။ အခုတခါတော့ စားပွဲမှာ ပုံစားတာ ဖြစ်သွားပါပြီ။


စားပြီး Bugis ကို ဆက်သွားကြတယ်။ အမြဲတမ်း လိုအပ်သမျှ ၀ယ်ပေးနေပေမဲ့ ဒီနေ့ အတွက် အမှတ်တရ လက်ဆောင် ပေးရဦးမယ်လေ။


OG နဲ့ BHG မှာ အထပ်ထပ် လျှောက် ... ရွေး ..ချယ်.. ဖွ ... သမီးနှစ်ယောက် ဆင်သမျှ ကြောင်ကြာင် ကျားကျား အဆင်တွေကို ဖေဖေ သဘောကျ တပြုံးပြုံးနဲ့ ပေါ့ ....


ဒါက သမီးတွေက ကိုယ့်ကိုယ်ကို ၀ယ်ပေးတဲ့ လက်ဆောင် ...


ကောင်တာမှာ ငွေရှင်းပြီးတာနဲ့ အားလုံး Fitting Room ထဲသွား အ၀တ် အသစ်တွေ လဲဝတ် ကြတယ်။ ဒါကြောင်း ရန်ကုန် အိမ်က လူတွေ ပြောတာ ဒီသားအဖတွေ ဆုံရင် ကဲကို ကဲပါတယ်ဆို ....

တော်တော် ခြေညောင်း ပင်ပန်းနေကြလို့ မူလ အစီစဉ် အတိုင်း Marina Bay Sands အထိ ဆက် မသွားနိုင်ကြတော့ဘူး။ Bugis က QQ Noddles House မှာပဲ ညစာစား ဖြစ်တယ်။


Menu ထဲက နံပါတ်စဉ် တစ်က ရန်ကုန် ဆီချက် ခေါက်ဆွဲ အရသာ အတိုင်း ... ဖက်ထုပ်ကြော် ... ပြည်ကြီးငါး အကြွပ်ကျော် လည်း ကောင်းတယ်။ ဆာဆာနဲ့ စားလိုက်ကြတာ ဓါတ်ပုံ ရိုက်ဘို့တောင် မမှီတော့ဘူး။

ဆိုင်က အထွက်ကျမှပဲ ဆိုင်းဘုတ်ကို မမေ့ မလျော့ ဓါတ်ပုံ ရိုက်ခဲ့ရတယ်။ ဘလော့ပို့စ် ထဲမှာ ထည့်ဘို့လေ ... Father's Day မှာ အတူ ရှိနေတဲ့ အတွက် ကျေးဇူး အထူးပါ ဖေဖေ ...





မချို (ပန်းခရမ်းပြာ)


Photo: ပန်းခရမ်းပြာ

Read More...

Thursday, June 16, 2011

သူကောင်း ဖြစ်တော့မဲ့ ကျား

တရွာ မပြောင်း သူကောင်း မဖြစ်တာလား။ သေချင်တဲ့ ကျား တော ပြောင်းတာလားတော့ မသိ….။ အလုပ် ပြောင်းပါတော့မယ်။

လက်ရှိ အလုပ်မှာ စီးပွားရေးကျလို့ အခြေအနေ အတော် ဆိုးနေပါပြီ။ တိုက်ဆိုင် လွန်းလှတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အင်တာဗျူး သွားဘူးခဲ့တဲ့ Company ခပ်ကြီးကြီး တခုက ဆက်သွယ်လာတယ်။ တခြား Position အတွက် အင်တာဗျူး လာခဲ့ပါ ဆိုပဲ။

သူတို့ကလည်း အင်မတန် ကြီးကျယ်ပြီး ဇီဇာ ကြောင်လွန်းလှတဲ့ သူတွေပါ။ အရင်တခါ သွားဖြေတုန်းက ပထမ အကြိမ်မှာ တစ်နာရီ ကြာတယ်။ ဒုတိယ အကြိမ် ထပ်လာဘို့ ခေါ်တော့ အတော် အားတက်သွားတာပေါ့။ အဲဒီမှာလည်း နှစ်နာရီကျော် ကြာအောင် ဗျူးနေပြီး နောက်ဆုံးကျမှ မရွေးတော့ဘူးလို့ အကြောင်းပြန်တယ်လေ။


ဒါကြောင့် ခုတခေါက်လည်း အပျော် သဘောပဲ သွားဖြေမယ်ပေါ့။ အလည် အပတ် ရောက်နေတဲ့ အဖေကိုလည်း Industrial Park တွေထဲ ရောက်ဘူးအောင် ခေါ်သွားတယ် …

ရုံး အဆောက်အဦး လှလှတွေ ရှေ့မှာ တယောက် တလှည့် ဓါတ်ပုံ ရိုက်လိုက်ကြ။ ရှုခင်းတွေ နောက်ခံထား ရိုက်လိုက်ကြနဲ့ နောက်ဆုံး သွားရမဲ့ ရုံးရှေ့  လဘက်ရည်ဆိုင်မှာ ထိုင် … အချိန်ကျမှပဲ ဝင်သွားလိုက်တော့တယ်။

ဌာန နှစ်ခုက လူလေးယောက်နဲ့ နာရီဝက်ကြာ ထိုင် စကားပြော .. ပေါ့ပေါ့ ပါးပါး အင်တာဗျူး တစ်ခုပြီးသွားတယ်။ စိတ်ထဲတော့ တယ် မထင်ပါဘူး …။ သူတို့ အကြောင်း သိနေပြီးသားကိုး။

နောက်တစ်ပတ်ကြာတော့ အဲဒီရုံးက HR က ဖုန်းဆက်လာရော ….။ ဌာန နှစ်ခုစလုံးက အလုပ် ခန့်ချင်တယ်။ ကိုယ်ကြိုက်ရာ တစ်ခုကို ရွေးပါတဲ့လေ….။ အံ့ရောပဲ …။ ဒုတိယ အကြိမ် အင်တာဗျူးလဲ လာစရာ မလိုတော့ဘူး … တခါတည်း အလုပ်ခန့်လိုက်ပြီတဲ့ … သူတို့မှာ အရင်က မှတ်တမ်းတွေ ရှိပြီးသား ဆိုပဲ။

နောက်တစ်ပတ်မှာ ဖုန်းထပ် ခေါ်ပြန်ရော။ အလုပ်ခန့် စာချုပ် မှာ လက်မှတ် လာထိုးပါတဲ့ လေ …။

တဲတဲလေး ကျန်တဲ့ အလုပ်ဟောင်းကို သံယောဇဉ်ဖြတ် … သူကောင်း ဖြစ်တော့မဲ့ ကျားလေး တော ပြောင်းရပါတော့မယ်။ နေရာ ဟောင်းဆိုတော့လည်း သတိရစရာ၊ တွယ်တာစရာတွေကလည်း အများသား …။

အားလုံးထဲမှာ သတိရစရာ တခုက ဒီကောင်ကြီးပါ …

လက်ရှိ အလုပ်က ရုံးခန်းတွေ အများကြီး ရှိတဲ့ Industrial Building ပါ။ နေ့လည်စာ စားချိန်မှာဆို ဓါတ်လှေခါးက အမြဲ လူပြည့်နေတယ်။ ဒီကောင်က သူ့ပိုင်ရှင်တွေနဲ့ အတူ ဓါတ်လှေခါး လူကြပ်ကြပ်ထဲမှာ လိုက်လာတတ်တယ်။

ပြန်တက်ရင်တော့ သူ တကောင်တည်း … ထွက်တဲ့ သူတွေ ကုန်အောင် စောင့်ပြီးမှ ဝင်တယ်။

ဓါတ်လှေခါးထဲမှာလည်း အဲလို အိနြေ္ဒ ရရ လိုက်တာ … သူ ဆင်းချင်တဲ့ အထပ်ရောက်မှ ဆင်းသွားရော … လွမ်းနေမယ် ဟေ့ကောင်ကြီးရေ ..




မချို(ပန်းခရမ်းပြာ)

Photo : ပန်းခရမ်းပြာ


Read More...

Tuesday, June 7, 2011

တနေ့တာ အကြွေးဆပ်ခြင်း

စာ ပြန်ရေးတော့မယ် ဆိုတော့ အကြွေးဆပ်ဘို့ အရင်ဆုံး သတိရတယ်။ မသက်ဝေနဲ့ ညီမလေး ရွှန်းမီတို့ တဂ်ထားတဲ့ နေ့စဉ် အကြိုက် Daily Like ပါတဲ့။ မှတ်မိကြပါဦး မလား မသိ။ အတော် ကြာခဲ့ပြီကိုး။

ဒီမှာ နေ့စဉ် ကြုံတွေ့ နေရတာတွေထက် ... ရန်ကုန်ပြန်တုန်းက နေ့စဉ် အကြိုက်လေးတွေကိုပဲ ပို ကြိုက်နေမိတယ်။ တနေ့တာ ကြုံခဲ့ရတဲ့ အကြိုက်လေးတွေ ဝေမျှပါရစေဦး။



မုန့်ဟင်းခါးနဲ့ လဖက်ရည်။ ရှစ်မိုင် Lucky Seven မှာ စားတဲ့ ဘရိတ်ဖတ်ပါ။ မုန့်ဟင်းခါး လေးရာကျပ်၊ လဘက်ရည် သုံးရာကျပ်။ တနေကုန် သွားရတော့မယ်ဆိုတော့ စောစောစီးစီး ကြိုက်တာလေး ဗိုက်ဖြည့်ထားရတာပေါ့။

အပြင် မထွက်ဖြစ်တဲ့ နေ့တွေဆိုရင် အိပ်ယာထတာနဲ့ ဘိန်းမုန့်နဲ့ လဘက်ရည်က အသင့်။ ဘယ်လောက် ကျေနပ်စရာ ကောင်းသလဲနော်။ စင်္ကာပူမှာ မနက်မိုးလင်း ကိုယ်တိုင်ဖျော် မိုင်လိုတခွက် အမြန်သောက်ပြီး ရုံးပြေးရတာတွေ မေ့ထားလိုက်ဦး။

မြို့ ထဲရောက်တော့ သိမ်ကြီးဈေးက Wonderful မှာ နေ့လည်စာ စားကြတယ်။ ဒီက Food Court တွေလို မျိုးပဲ။ ပင်လယ်စာ ထမင်းပေါင်းတဲ့။ ၁၇၀၀ ကျပ်။ ကြိုက်လွန်းလို့ ရောက်တိုင်း စားဖြစ်တယ်။

စကော့ဈေး ၀င်တယ်။ ၀င်းဒိုး ရှော့ပင်းရော၊ လက်ဆောင်ပစ္စည်း ၀ယ်ဘို့ရောပေါ့။ ဈေးတွေကတော့ ထုံးစံ အတိုင်း ဆစ်နှိုင်မှ တော်ကာကြမည်ချည်းပဲ။

ထူးထူးဆန်းဆန်း ဈေးဆစ်ဘို့ မလိုတဲ့ ဆိုင်ကို တွေ့တယ်။ အပိုစကား မပြောရတာကို ကြိုက် ... ဈေးဆစ်ရတာကို မုန်းလွန်းလို့ သူ့ဆိုင်မှာပဲ အမြဲ ၀ယ်ဖြစ်ရော။

ကျောက်စိမ်း လက်ကောက် သုံးထောင်၊ ဟန်းချိန်း ကြိုး အပျော့ လေးရာ၊ မြန်မာငွေလားလို့ သေချာအောင် မေးရသေးတယ်။ တခြားသော ကျောက်စိမ်း အထည် လက်ဆောင် များလည်း ထိုနည်း၎င်း ....

ဆိုင်ရှင်ကို ခွင့်တောင်း၊ ဘလော့ပေါ် တင်ချင်လို့ပါ ဆိုပြီး ဓါတ်ပုံ ရိုက်လာခဲ့တယ်။ စင်္ကာပူပြန် လက်ဆောင်များ အတွက် ဦးနှောက်စား သူများ အလွယ်တကူ သွားနှိုင်ရန် ...။

City Mart ဆက်သွား ... စားစရာတွေ ၀ယ်လာတယ်။ အခြောက်အခြမ်းပဲ အားကိုးရဘို့ အချိန်နီးလာပြီလေ။

City Mart မှာဝယ် ... စင်္ကာပူကို သယ်လာတဲ့ ၀က်ဝံကြီး။ ကိုးထောင်ကျပ်။ ပရင်တာပေါ်မှာ နေရာယူ ... အားလုံးကို ပြုံးစစနဲ့ ကြည့်လို့ ....။

တရုတ်ကား ကိုးရီးယားကား ဇာတ်လမ်းတွဲရှည်တွေလိုပေါ့။ နောက်ဆုံး အခန်းမှာ အကုန် သတ်ပစ်လိုက်တာနဲ့ ဇာတ်သိမ်းသွားရော။ အခုလဲ အမြန် နိဂုံး ချုပ်ပါတော့မယ်။

သတ်စရာတော့ မရှိ။ သို့သော် လိုလိုမယ်မယ် သွားရည်သိမ်းဘို့ တစ်ရှုး ဆောင်ထားကြပါ။ စင်္ကာပူ ပြန်ရောက်တဲ့အခန်း ကို ခုန်ကျော်သွားပါပြီ။

Duty Free က တစ်လီတာ ရေမွှေး ပုလင်း။ မြန်မာပြည်က သယ်လာတဲ့ မရမ်းသီးကို သုပ် ... City Mart က ဆတ်သားခြောက်ကို ဆီဆမ်း ... စင်္ကာပူ အနောက် အရပ်မှ သူငယ်ချင်း တအုပ်စု .... အဲဒါတွေကိုလည်း ကြိုက်ပါတယ်။





မချို (ပန်းခရမ်းပြာ)
Photo : ပန်းခရမ်းပြာ

Read More...

Monday, June 6, 2011

စာ မရေးဖြစ်တဲ့ အကြောင်း

အလုပ်များနေလို့၊ ခရိးသွားနေလို့ မဟုတ်ရပါ။ အလွန့် အလွန် အားလပ်နေပါတယ်။ အားနေတော့ စာများများ ဖတ်ဖြစ်တယ်။ ဘလော့တွေ အတော် များများ ဖတ်ဖြစ်တယ်။ ဒီလိုနဲ့ပဲ စာဖတ်သူ ဘ၀ကို ကြိုက်သွားရော။ စာရေး ပျင်းနေတာလည်း ပါတာပေါ့။

ရေးစရာ အကြောင်းတွေ တပုံကြီး ရှိနေပေမဲ့ ရေးဘို့ အာရုံ စုစည်းလို့ မရနှိုင်ဘူး။ ရေးပြန်တော့လည်း ရုံးမှာ။ ထုံးစံ အတိုင်း စာရွက်ပေါ်မှာ မှင်နီနဲ့ အရင် ရေးတယ်။

ဖျက်ရာ ပြင်ရာတွေ ဗလပွ၊ မျှားတွေ ကွေ့ကွေ့ ကောက်ကောက် လမ်းပျောက် မတတ် ဖြစ်ပြီးမှသာ ကီးဘုတ်နဲ့ စာရိုက် ပို့စ် ဖြစ်တော့တာ။ ပို့စ်တိုင်းကို မှင်နီနဲ့ ရေးလိုက်ရမှလို့ စိတ်စွဲနေတာကလည်း တဒုက္ခ ...။




ဘယ်သူကမှ အတင်း အကြပ် ရေးခိုင်းတာမဟုတ်။ ကိုယ်ရေးချင်လို့ ရေးရတာ။ တပုဒ်ကို ဆယ်မိနစ်လောက် အတွင်း ချရေးဖြစ်ရမှာပေါ့။ အရင်က အဲလို ရေးခဲ့ဘူးတဲ့ ကိုယ့်ပို့စ်တွေ ပြန်ဖတ်ရင်း “ရေးအား” ပြန်မွေးနေရတယ်။

စိတ်ထဲ ရှိသမျှ အဆင်ပြေပြေ ရေးတတ်တဲ့ ဘလော်ဂါတွေရဲ့ စာမျက်နှာမှာ နည်းနာ ယူနေရတယ်။ ခုတော့ စာမရေးဖြစ်တဲ့ အကြောင်း ရေးလိုက်တာ စာတပုဒ် ဖြစ်သွားပြီ။ ဖုန်း ကင်မရာနဲ့လည်း အရေးပေါ် ဓါတ်ပုံတွေ ရိုက်ပြီးသွားပြီ။



ဒီနေ့ ကောက်ညှင်းထုတ် ပွဲတော်နေ့။ ဒီစာ ရေးနေတုန်းမှာပဲ သူဌေးက ကောက်ညှင်းထုတ် လာပေးသွားတယ်။ စားပြီးမှသာ စာရိုက် ပို့စ်တင်ပါတော့မယ်။

ဟို သီချင်းထဲကလို အမုန်းခွန်အားကို မတောင်းဆိုချင်ပါဘူး။ စာရေးဘို့ ခွန်အားကိုသာ နည်းများ မဆို ပေးသနားတော်မူကြဘို့ တောင်းဆိုရင်း ….။



မချို (ပန်းခရမ်းပြာ)
Photo : ပန်းခရမ်းပြာ

Read More...

Tuesday, April 19, 2011

သင်္ကြန် မှတ်တမ်း

ဆင်ဘာဝမ်း သင်္ကြန်ကပဲ စလိုက်ကြပါစို့။

စနေနေ့ ည ကတည်းက ရောက်သွားတယ်။ စတုဒီသာ အတွက် ချက်နေလိုက်ကြတာများ လူစု လူဝေးနဲ့ ပျော်စရာ။

ဒါကြောင့်ပဲလားမသိ။ ရဲကားတွေတောင် ရောက်လာတယ်။ တာဝန် ရှိသူတွေကို မေးမြန်းပြီး ပြန်သွား ကြလေရဲ့။




အရိုးကို အရွက် မဖုံးစေနဲ့ ... သို့သော် ဘီယာကို ရေခဲ ဖုံးပါစေ။ ဟင်းချက်နေသူများ အတွက် အားဖြည့် အချိုရည်။

နှစ်ဆန်း တစ်ရက်နေ့မှာ ငါးလွှတ်ဘို့ စီစဉ်ကြတယ်။ အလှမွေး ငါးတွေ ရောင်းတဲ့ ဆိုင်မှာ ငါးကြီးတွေ အစာ အဖြစ် ငါး အသေးလေးတွေ ရောင်းတယ်။ တစ်ထုပ်ကို $2 ... တိုက်တိုက် ဆိုင်ဆိုင် တနင်္ဂနွေနေ့ ဆိုတော့ မထင်မှတ်ပဲ လူအုပ် တောင့်သွားတာပေါ့။

Khatib MRT နားက Lower Seletar Reservior Park ကို သွားကြတယ်။ ရေနက်ထဲကို လွှတ်လိုက်ရင် ငါးကြီးတွေ ချက်ချင်းရောက်လာပြီး စားသွားတတ်လို့ ရေတိမ်ဘက် ဆင်းပြီး ငါးလေးတွေကို လွှတ်လိုက်တယ်။

ရေစပ်နားမှာ ကူးနေကြတဲ့ ငါးလေးတွေ ၊ ရေမှော် စားနေကြတဲ့ ငါးလေးတွေ ... ခဏ ကြာတော့ ခင်ရာ မင်ရာ အုပ်စုဖွဲ့ ... တစုပြီး တစု ရေနက်ဘက်ကို ကူးသွားကြရော။ ဘေးရန် ကင်းကြပါစေ။ ဆက်လက် အသက် ရှင်သန်နှိုင်အောင် ကြိုးစားကြပါ။

မြန်မာ နှစ်ဆန်း တစ်ရက်နေ့မို့ မြန်မာ လဘက်ရည် ကောင်းကောင်း သောက်ကြရအောင်လို့ အဆိုပြုကြ၊ မဲခွဲ ဆုံးဖြတ်ကြနဲ့ နောက်ဆုံး ပင်နီစူးလားကို ရောက်လာကြတယ်။ မြန်မာ လဘက်ရည် စစ်စစ်၊ ပဲပြုပ် ဆီထမင်း၊ စမူဆာ၊ စမူဆာသုတ်၊ ကတက်ချဉ်သုတ်၊ ဆိတ်ကလီဇာ၊ စားတာတွေ ဓါတ်ပုံ မရိုက်ခဲ့ရဘူး။ ရိုက်နေရင် ကိုယ့် ဝေစု ကုန်သွားမှာကိုး။

အချိန်တွေ ရှိသေးတယ်။ Esplanade ဘက် ဆက်ကြဦးမယ်။ မြန်မာတွေ စုဝေးရာ မြို့ တော် ခန်းမရှေ့ က မြက်ခင်းပြင်။

အဲဒီကနေ တဆင့် Esplanade... ပြီးတော့ တံတား အလိမ်ကို ဖြတ် ... Marina Bay Sand ဆီသို့။

အမော ဖြေရင်း ... လေဆာ ရေပန်း အက ကြည့်ရင်း ... ကိုယ့်ရဲ့ ၂၀၁၁ သကြန် ကာလ ပျော်စရာများကို မှတ်တမ်းတင်ရင်း ...

စာရှုသူ အားလုံး နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေ။



မချို (ပန်းခရမ်းပြာ)
Photo: ပန်းခရမ်းပြာ

Read More...

Monday, April 4, 2011

အချစ် အကြောင်း ၀တ္ထုတို

ချန်ဂီ လေဆိပ်ထဲတွင် သူ ရောက်နေသည်။ ရန်ကုန်မှ ညီငယ် တစ်ယောက် ရောက်လာမည်ဆို၍ လာကြိုခြင်း ဖြစ်သည်။ အချိန် စောနေသေးသဖြင့် ခုံတစ်လုံးမှာ ၀င်ထိုင်ရင်း လှုပ်ရှား သွားလာနေသူများကို ငေးမောနေမိ၏။

Arrival ဆိုတော့လည်း ကွဲကွာနေသော မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ၊ ချစ်သူတို့ ပြန်ဆုံကြသည်ဆိုတော့ တွေ့ရသမျှ ကြည်နူးဖွယ်ရာ မြင်ကွင်း တွေချည်းသာ ...။

ဟိုး ... လွန်ခဲ့သော ဆယ်နှစ်ကျော်က အဖြစ်ကို သူ သတိရမိသည်။ ထိုစဉ်က တစုံတယောက်ကို သူ စောင့်ကြိုနေသည်။ ၀မ်းသာ၊ ရင်ခုန်၊ လှိုက်မော၊ စိုးရိမ် ပူပန်စွာဖြင့် ...။


ဤသို့ဆိုလျှင် သူ့ အတွက် အရေးကြီး ပုဂ္ဂိုလ်တယောက် ဖြစ်ရမည်မှာ မလွဲ။ အရေးကြီး ပါသော်ကော။ လက်ထပ်ပြီးကာစ ထားရစ်ခဲ့ရသော ချစ်ဇနီး။ အခုတော့ သူနှင့်အတူ နေရန် လာနေချေပြီ။

ယောက်ယက်ခပ်နေသော စိတ်အစဉ်နှင့် အတူ သူ့လည်ပင်းကိုလည်း မကြာခဏ စမ်းကြည့်နေမိသည်။ ဆွဲကြိုးတစ်ကုံး ... ဇနီးသည် အတွက် ရွှေဆွဲကြိုးလေး ....။ ဘာကြောင့် သူဆွဲထားလဲဟု မေးလာသော သူငယ်ချင်းများကို အပြုံး ဖြင့်သာ တုန့်ပြန်ရင်း ရှင်းမပြတော့။

သူ အလွန် နမော်နမဲ့ နိုင်၍ ပစ္စည်းများ မကြာခဏ ပျောက်တတ် လွန်းလှသည်။ လည်ပင်းမှာ ဆွဲထားလိုက်သော အခါ ဘယ်တော့မှ ပျောက်တော့မည် မဟုတ်။

အပြင်ရောက်လာသော ဇနီးသည်အား ဆီးကြို ပွေ့ဖက်ပြီး ဆွဲကြိုးလေးကို အလျှင်စလို ဆွဲပေးလိုက်မိသည်။ ထိုမြင်ကွင်းကို အတူပါလာသော သူငယ်ချင်းက ဓါတ်ပုံရိုက် မှတ်တမ်းတင်ဘို့ မမေ့ချေ။

နောက်တနေ့တွင် ဇနီးသည် အတွက် မှီခို နေထိုင်ခွင့် ထုတ်ရန် လူဝင်မှု ကြီးကြပ်ရေးရုံး ICA သို့ သွားကြသည်။

ထိုစဉ်က ICA ရုံး အဟောင်း နေရာမှာပဲ ရှိသေးသည်။ Raffles Place MRT မှ ဆင်း၍ အတော် လမ်းလျှောက်သွားရသေးသည်။

MRT မှ ထွက်၊ OUB Centre ကိုဖြတ်ပြီး၊ ကားလမ်းသွယ်လေး အတိုင်း ချိုးကွေးလိုက်သည်နှင့် တွေ့ရသော Delifrance ဆိုင်ထဲသို့ ၀င်လိုက်သည်။ သူ ဒီဆိုင်ရှေ့ မှ မကြာခဏ ဖြတ်သွားနေသော်လည်း ချစ်ဇနီးနှင့်မှ အတူတူစားမည်ဟု တေးထားသည်မှာ ကြာလှပြီပဲ။


ဟော ... Belt ပေါ်မှာ အိတ်များ ချနေပြီ။ သူ့ညီကို တွေ့လိုက်ရ၍ လက်ပြ နှုတ်ဆက်လိုက်သဖြင့် အတွေးစများ ပြတ်သွား၏။

သြော် .... ဘာလိုလိုနှင့် Anniversary တောင် ရောက်တော့မှာပါလား။ အဲဒီနေ့ကိုတော့ သူမမေ့ရဲ ... မေ့သည်နှင့် အဆူ အပူ ခံရတော့မည်။

ဒီနှစ်တော့ မိန်းမနဲ့ သဘောတူညီချက် ရပြီးသား။ ထူးထူး ထွေထွေ မစီစဉ်တော့။ လင်မယား နှစ်ယောက် ပင်နီစူးလားမှာပဲ ညစာ စားပြီး Boat Quay ဘက် အေးအေး ဆေးဆေး လမ်းလျှောက် ထွက်ကြမည်။ အိမ်ထောင်သက်ပဲ ကြာမြင့်ခဲ့ပြီကိုး။

သို့သော်လည်း စကားလုံးလေး နှစ်လုံးတည်းပေမင့် ဘလော်ဂါတွေ အားလုံး ၀ိုင်းရေးလို့ မပြီးနှိုင်သေးသော “အချစ်” အကြောင်းကို သူ ရေးခဲ့ပြီး၊ ရေးနေဆဲ၊ ထပ်ရေးနေဦးမည်သာ ဖြစ်ပေတော့သည်။





မချို (ပန်းခရမ်းပြာ)



Photo: Google
မသက်ဝေ တဂ် သောကြောင့် ရေးပါသည်။


Read More...

Friday, March 25, 2011

နေပြည်တော်သို့ ဘတ်ဂျက် ခရီးစဉ် (၃)

စည်ပင် ရိပ်သာကို ပြန်ရောက်တော့ ရန်ကုန် ပြန်ဘို့ ပြင်ဆင်ရပြီ။ တည်းတဲ့ အခန်းနဲ့ အနီးဆုံး ထင်းရူးရိပ် စားသောက်ဆိုင်မှာ မေးကြည့်တော့ သူတို့ဆိုင်မှာ ကားလက်မှတ်ဝယ်လို့ ရပါသတဲ့။ ညဆယ်နာရီ ထွက်မဲ့ကား။ ရန်ကုန်ဈေးနဲ့ အတူတူ ခြောက်ထောင်ကျပ်ပါ။


စည်ပင် ရိပ်သာဝင်းထဲမှာ စားသောက်ဆိုင်တန်းလေးတွေ အစီအရီ။ အနီးဆုံး ထင်းရူးရိပ်မှာပဲ စားဖြစ်တာ များတယ်။ ထမင်းပေါင်း တစ်ထောင့် ခုနှစ်ရာကျပ်၊ မုန့်ဟင်းခါး သုံးရာ ....။ ဆိုင်တစ်ဆိုင်ကတော့ ဈေးနှုန်းတွေကို ပိုစတာကြီးနဲ့ ပြထားတာ။

ကားစီးဘို့ အတွက် ဂိတ်အစကို သွားစရာမလိုဘူး။ စည်ပင်ရိပ်သာ ၀င်းထိပ်မှာ စောင့်နေ လိုက်ရုံပဲ။ ကိုယ့်လို သွားမဲ့သူတွေမှ အများကြီးရယ်။ ကားတစီးပြိး တစီးဆိုက် ... အုပ်စုလိုက် တက်သွား လိုက်ကြနဲ့ပေါ့။

ကားပေါ်ရောက်တာနဲ့ ကားဆရာက လူနဲ့ မှတ်ပုံတင် တွဲစစ်တယ်။ လည်ပင်းမှာ ဆွဲဘို့ ID ကဒ်လို ဟာမျိုး လည်းပေးတယ်။ ကဒ်မှာ ရေးထားတာကတော့ ဒီလူကို စစ်ဆေးပြီးကြောင်းပါတဲ့။

နေပြည်တော် အထွက် စစ်ဆေးရေးဂိတ်မှာ ကားခဏရပ်တယ်။ ကဒ်ပြားလေးတွေ ဆွဲထားဘို့ ကားဆရာက သတိပေးတယ်။ ကားအောက် ဆင်းစရာ မလိုဘူး။ တယ်ဟုတ်ပါလား ရန်ကုန်ရောက်တဲ့ အထိ အိပ်ရတော့မယ်ပေါ့။

ညမှောင်မှောင်မှာ နိုးတ၀က် အိပ် တ၀က်နဲ့ပဲ ရန်ကုန် အ၀င်သို့ ရောက်ပါပြီ။ ကားရပ်သွားတယ်။ ရှေ့ မှာ လူတွေ ကားတွေ တန်းစီလို့ပါလား။ အသွားတုန်းက နေပြည်တော် အ၀င်မှာ တန်းစီရတာ ဘာ ဟုတ်သေးလို့တုန်း။ အခုတော့ စည်ကားနေလိုက်တာ ပွဲတော်ကြီး တမျှပါပဲ။

ဒီတခါ တန်းစီရတာ နှစ်ကြိမ်။ လက်ကိုင်အိတ် စလင်းဘက်တွေ ဖွင့်စစ်တဲ့ နေရာမှာ အရင် တန်းစီ။ ပြီးတော့မှ မှတ်ပုံတင် စစ်တဲ့နေရာမှာ ထပ်တန်းစီ။ “အိတ်တွေ ဇစ်ဖွင့်ထား .... အိတ်တွေ ဇစ်ဖွင့်ထား” .... လို့ အော်ငေါက်သံတွေ ကြားမှာပဲ ကြည်ဖြူစွာ အစစ်အဆေး ခံခဲ့ရပါသည်။

ရာနှင့်ချီ တန်းစီနေတဲ့ လူတွေမှာ စစ်ဆေးသူ အရာရှိက နှစ်ယောက်။ မှတ်ပုံတင်ကို လက်နဲ့ ကိုင်ကြည့် ... မျက်နှာကိုကြည့် ... ပြီး နောက်တယောက် အလှည့် ...။ မျက်စေ့နဲ့ Scan ဖတ်တဲ့ အတတ်ပညာများ ဆည်းပူးလေ့လာ ထားကြလေရော့သလား။ မှတ်ပုံတင်က ဓါတ်ပုံကတော့ ဆယ်ကျော်သက် အရွယ်က ပုံ ...။

ရန်ကုန်မြို့ထဲ ၀င်လာတော့ လွတ်ပြီ ကျွတ်ပြီပေါ့။ အောင်မင်္ဂလာ အဝေးပြေးဂိတ်ကို ရောက်တော့ တခြား တနေရာမှာ သွားရပ်ပြန်ရော။ ကားကိုလည်းစစ်၊ မှတ်ပုံတင်ကိုလည်း စစ်ဦးမယ်တဲ့လေ ... ။ အတော်ကြာ ဘယ်လို ညှိလိုက်လည်း မသိ။ ကားကိုပဲစစ်ပြီး လူတွေ ဆင်းစရာ မလိုတော့ဘူး။

ကိုယ့်မိဘအိမ် ၀င်ဘို့တော့ မှတ်ပုံတင် ထုတ်ပြစရာ မလိုဘူး။ နှစ်ညတာ ဝေးနေရတဲ့ အိပ်ယာလေးကို ဖိုက်စတား ဟိုတယ်နဲ့ မလဲနှိုင်ပေါင်။ အိပ်ပျက်သမျှ အတိုးချ အိပ်လိုက်တယ်။ အကာလ ဆောင်းတွင်းညကြီးမှာ စီတန်းနေတဲ့ လူတွေကို ပြန် မြင်ယောင်ရင်း .... သင့်လုံခြုံရေးကို တာဝန်ယူတဲ့ အတွက် အထူး ကျေးဇူးပါ။



(အလားတူ အဖြစ်မျိုးကို “ဒီမှာ” လည်း ဖတ်နှိုင်ပါတယ်။)



မချို (ပန်းခရမ်းပြာ)
Photo : ပန်းခရမ်းပြာ

Read More...

Tuesday, March 22, 2011

နေပြည်တော်သို့ ဘတ်ဂျက် ခရီးစဉ် (၂)

နောက် တနေ့မှာတော့ ရုံးကိစ္စ ရှိတဲ့သူတွေ အပြင်သွားဘို့ ပြင်ကြတယ်။ Taxi ငှားလို့ရတာနဲ့ပဲ အပြင် လိုက်သွားဖြစ်တယ်။ ကားခကတော့ တစ်နာရီ ကျပ်တစ်သောင်းခွဲ တိတိပဲ။ ရေပန်းဥယျာဉ် ရှေ့  မှာ ကားကွေ့ဘို့ ခဏ ရပ်နေတုန်း အမှီ ရိုက်လိုက်ရတဲ့ ပုံပေါ့။


မြို့ တော် ခန်းမ ရှိတဲ့ ရုံးဝင်းကြီးက အစပြုလို့ ဘယ်ရုံး ဝင်ဝင် … မှတ်ပုံတင် ထားခဲ့ ဆိုတာချည်းပဲ။ မြို့ တော် ခန်းမကို ဓါတ်ပုံ ရိုက်မယ်ဆိုတော့ အတူ ပါလာတဲ့ သူတွေက မျက်နှာ ပျက်နေကြပြီလေ။ ထားလိုက်ပါတော့။

အလွန်တရာ ရင်းနှီးခဲ့ဘူးတဲ့ စက်မှု(၁) ဆိုတာတော့ မှတ်ပုံတင် အပြင် တယ်လီဖုန်းပါ ထားခဲ့ရမယ်တဲ့လေ။ တော်သေးရဲ့ အိတ်ထဲက ကင်မရာကို တပြပြ မလုပ်မိပေလို့။

ရုံးထဲ ရောက်တော့ ဖတ်စရာ မှတ်စရာတွေ များလှချည်ကလား။ ဆောင်ရန် ရှောင်ရန် စာတို စာရှည်တွေ နေရာ အနှံ့ ကပ်ထား လိုက်တာများ စင်္ကာပူက အိမ်သူကြီးတွေ ထက်တောင် ဆိုးသေး။

တယ်လီဖုန်းတောင် အထဲ မယူရတာ ဓါတ်ပုံရိုက်ဘို့ ဝေးရော။ စိတ်ထိန်းပါ ဘလော်ဂါ။

သို့သော်လည်း အကြိမ်ကြိမ် မဖတ်ရလို့ တားမြစ်ထားတာ မတွေ့တော့ ဖတ်မိပေသပေါ့။ နေရာ အနှံ့မှာ တွေ့နေရာကိုး။

ကြိုက်လွန်းလို့ စိတ်ထဲက အလွတ်ကျက်လာတဲ့ စာတမ်း တချို့က ဒီလို ….

“ မိမိနှင့် မဆိုင်သည်ကို မသိချင်နှင့်
သိရန် မကြိုးစားနှင့်
သိဘို့ လိုလျှင် လာပြောမည် ” ….

“ မသမာ သူများသည်
မိမိတို့၏ သတင်းများကို
စုံစမ်းနေသည် ” ….



(အပိုင်း-၃ မှာ ရန်ကုန် ပြန်ရောက်ပါတော့မယ်။ လမ်းခရီး တလျှောက် ရင်သပ် ရှုမော အံ့သြဘွယ် အတွေ့ အကြုံများကို ဆက်လက် အားပေးကြပါဦး။)



မချို (ပန်းခရမ်းပြာ)
Photo : ပန်းခရမ်းပြာ

Read More...